
(ဓါတ်ပုံ-သြဂုတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည့် စာအုပ်မိတ်ဆက်ပွဲ။ သားကြီး/DMG)
သြဂုတ်လ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။ ။ သမိုင်းသုတေသီ ဒေါက်တာအေးချမ်း ရေးသားပြုစုသည့် "ရခိုင်သမိုင်းမိတ်ဆက်" စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း (ရွှေတိဂုံဘုရား အရှေ့ဖက်မုသ်အနီး) ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ပြုလုပ်ခဲ့ရာ ရခိုင်သမိုင်းမိတ်ဆက်" စာအုပ်သည် လက်ရှိဖြစ်နေသည့် ပြသာနာအပေါ် အမြင်ရှင်းသွားဖို့ ယုံကြည်ကြောင်း ဒေါက်တာအေးချမ်းဆိုသည်။
ဒေါက်တာအေးချမ်းက “ သမိုင်းဆိုတာ ရေးတိုင်းလည်း မျက်လုံးမှိတ်ယုံကြည်လို့ မရဘူး။ ကျွန်တော်ရေးသားထားတဲ့ စာတွေက ခိုင်မာတဲ့ အချက်အလက်တွေ၊ သမိုင်းမှတ်တမ်းမှတ်ရာတွေ ခေတ်အဆက်ဆက်စာတွေကို အမှီပြုထားတာကြောင့် ရခိုင်ပြည်နယ်ရဲ့ သမိုင်းကို ထင်ဟပ်ပြီး လက်ရှိဖြစ်နေတဲ့ ပြသနာတွေအပေါ် အမြင်ရှင်းသွားဖို့ ယုံကြည်ပါတယ်။ ” ဟု အခမ်းအနားတွင် ဆိုသည်။
ဒေါက်တာအေးချမ်းရေးသည့် "ရခိုင်သမိုင်းမိတ်ဆက်" စာအုပ်ကို ပထမအကြိမ် အုပ်ရေတစ်ထောင် ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်ပြီး တစ်အုပ်လေးထောင်ကျပ်ဖြင့် ရောင်းချနေကာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် စာကြည့်တိုက်များသို့ လိုအပ်မည်ဆိုပါက အခမဲ့ဖြန့်ချိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
"တစ်ဖက်ကလုပ်ထားတဲ့သမိုင်းအမှားတွေကို ပြန်ပြင်ဖို့၊ အမှားတွေကို ထောက်ပြဖို့ ကျွန်မတို့မှာ သမိုင်းအမှန်တွေလိုပါတယ်။ အဲဒီသမိုင်းအမှန်တွေပေါ်မှာ ဒေါက်တာအေးချမ်းအနေနဲ့ ကိုယ့်ဖက်သူ့ဖက် မလိုက်ဘဲ တကယ်ရှိခဲ့တဲ့သမိုင်းအမှန်ကို တင်ပြတာဟာ အင်မတန်ခိုင်လုံတဲ့ အထောက်အထားမှာ ရှိပါတယ်။ " ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဥက္ကဌဒေါ်စောခင်တင့်က ဆိုသည်။
ထို"ရခိုင်သမိုင်းမိတ်ဆက်"စာအုပ်တွင် စာမျက်နှာ ၂၆၀ ကျော်ပါရှိကာ ဒေါက်တာအေးချမ်း နှစ်ပေါင်း နှစ်ဆယ်ကျော် လေ့လာတွေ့ရှိချက်များကို ခေတ်ပြိုင်နိုင်ငံတကာအထောက်အထား အကိုးအကားပေါင်းများစွာဖြင့် "ရခိုင်ရာဇ၀င်ကျမ်းများ"၊ "ရခိုင်သမိုင်းမိတ်ဆက်" " ရခိုင်ရက်စဉ်သမိုင်း" ဓည၀တီခေတ်(၃၃၂၅ ဘီစီ-အေဒီ ၃၂၇)စသည့် အခန်းများအား ရေးသားဖော်ပြထားခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ ရခိုင်သမိုင်းကို အသေအချာမသိရင် အကုန်လုံး အလိမ်ခံရတော့မှာ။ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ဘယ်လောက် ပြောနေနေ သူတို့က နိုင်ငံတကာမှာ သမိုင်းအတုတွေ ဖန်တီးဖြန့်ဝေပြီးနေပြီ။ ပြည်တွင်းက တိုင်းရင်းသား တွေကပါ သေချာမသိကြတော့ သမိုင်းအမှန်ကို အချိန်မှီ လေ့လာသင့်တယ်” ဟု ဆိုသည်။
သမိုင်းပညာရှင် ဒေါက်တာအေးချမ်းသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ဇာတိ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ၁၉၉၈ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘားဒ်ကောလိပ်တွင် အရှေ့တိုင်းသမိုင်းကထိကနှင့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ဂျပန်နိုင်ငံ ခန်းဒနိုင်ငံတကာ လေ့လာရေးတက္ကသိုလ်တွင် ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။
ဒေါက်တာအေးချမ်းရေးသားသည့် စာအုပ်များထဲတွင် မြန်မာဘာသာဖြင့် ပထမဆုံးရေးသားသည့် "ရိုဟင်ဂျာဆိုသူများ၏ လုပ်ဇာတ်နှင့် သမိုင်းဖြစ်ရပ်များ" ဆိုသည့် စာအုပ်ကို ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေခဲ့ကာ ယခုစာအုပ်မှာ ဒုတိယမြောက်ဖြစ်ကြောင်း သိရသည်။




