ဒီဇင်ဘာ ၁၇၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်စက္ကိန္ဒသည် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၃ နာရီအချိန်က မောင်တောမြို့ ပြည်သူ့ဆေးရုံ၌ ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏တပည့်တကာများထံမှ သိရသည်။

“ရခိုင်ပြည်ရဲ့ ကြယ်ကြီးတပွင့်ကြွေကျသွားတာနဲ့တူပါတယ်။ ရခိုင်သမိုင်းနဲ့ ရခိုင်ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့ တွေကို တစိုက်မတ်မတ်ရေးသားနေတဲ့ ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်တဲ့အတွက် ဆရာတော်ပျံလွန်တော်မူခြင်းဟာ ရခိုင်ပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးနစ်နာမှုတစ်ခုပါ။ ပျံလွန်တော်မူတာ အချိန်စောလွန်းပါတယ်” ဟု မောင်တောမြို့မိ၊မြို့ဖတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ညွန့်မှ ပြောသည်။

ဆရာတော်ကို ၁၉၃၆ ခုနှစ်တွင် ဖခင် ဦးထွန်းအောင်ရှီနှင့် မိခင်ဒေါ်ချင်းဘုံမေတို့မှ စစ်တကောင်းမြို့နယ် ခြံချောင်းရွာ၌ မွေးဖွားသန့်စင်ခဲ့ကာ ငယ်နာမည်မှာ ညိုဇံမောင်ဖြစ်ပြီး ရှင်သာမဏေအဖြစ် ၁၉၅၄ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး စာပေနယ်သို့ ၁၉၅၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆရာတော် အရှင်စက္ကိန္ဒသည် နတ်မြစ်စန်းအောင်၊ နတ်မြစ်ညိုဇံမောင်ရှီ၊ အသျှင်စက္ကိန္ဒ ဦးပါဋ၊ အသျှင်ကြီး စသည့် ကလောင်အမည်များကိုအသုံးပြုကာ ရခိုင်သမိုင်း၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်ရိုးရာဓလေ့၊ ရခိုင်တေးကဗျာ၊ ရခိုင်ပုံပြင်၊ ရခိုင်စကားပုံ စသည့် စာအုပ်ပေါင်း ၂၅ အုပ်အား ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။

ထိုသို့ ရေးသားခဲ့သောကြောင့် ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှချီးမြှင့်သည့် ရခိုင်တံခွန်ဆုနှင့် တန်ခိုးဆရာထွန်းစာပေဆု၊ သာသနာနှင့်ဆိုင်သော ဘွဲ့တံဆိပ်များလည်း ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်စက္ကိန္ဒသည် ယခု ပျံလွန်တော်မူသည့်အချိန်တွင် သက်တော် (၈၃) နှစ်၊ ဝါတော် (၆၃)ဝါရှိပြီး ဆရာတော်၏ ရုပ်ကလပ်အား ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဒုံးပွဲပြုလုပ်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

 

Author: ချလူးအောင်