
(ရခိုင်သားကြီးလှမြင့် ရေးသားသည့် “ရခိုင်ညွှန့်ဖူးနှင့်ကျွန်တော်” စာအုပ်မိတ်ဆက်ပွဲအခမ်းအနား။ ဓါတ်ပုံ - နေဝင်းစံ၊ DMG)
ခင်သရဖီဦး။ မေလ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်စာရေးဆရာတစ်ယောက်ဖြစ်သည့် ရခိုင်သားကြီး လှမြင့်ရေးသားသော “ရခိုင်ညွန့်ဖူးနှင့် ကျွန်တော်” စာအုပ်ကို ယနေ့ မေလ ၉ ရက်နေ့ နေ့လည်က စစ်တွေမြို့ရှိ မြလက်ဘက်ရည်ဆိုင်တွင် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
ရခိုင်ညွှန့်ဖူးနှင့်ကျွန်တော် စာအုပ်တွင် ဆရာ ဦးမြထွန်းအောင်သို့ ပေးစာအကြောင်းအရာ၊ ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စုပြဿနာ၊ ပန်းနီလာလူသတ်ကွင်းနှင့် စစ်တွေကောလိပ်ကျောင်းသားဟောင်းများသမိုင်း စသည့် အကြောင်းအရာများအပါအဝင် အခြားစိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများလည်းပါဝင်ကြောင်း သိရသည်။
စာရေးဆရာ ရခိုင်လှမြင့်က ယခုနှစ်မိုးရာသီမကုန်မီ နောက်ထပ် စာအုပ်လေးအုပ် ထုတ်ဝေရန် စီစဉ်ထားကြောင်း ပြောသည်။
“ ဒီနှစ်မိုးတွင်းတော့ခါ ကျနော် နောက်ထပ် လေးအုပ်လောက် ထွက်နိုင်ဖို့လား စိတ်ကူးထားတယ်။ စာအုပ်ကတော့ ရောင်းအားကျပါတယ်။ ဘာပဲဖြစ်ဖြစ် ဝယ်ယူမှုက ရွေးချယ်သူတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကျနော်ကတော့ခါ အကြောင်းအမျိုးမျိုး ပြည့်စုံနေရင် ငွေရေး၊ ကြေးရေး ကျန်းမာရေး ပြည့်စုံနေရင် ရေးလည်းရေးဖြစ်မယ်။ ထုတ်လည်းထုတ်ဖြစ်မယ်။ ” ဟု ပြောသည်။
ရခိုင်သားကြီး လှမြင့်၏ ဆရာတစ်ဦးဖြစ်သော ရခိုင်တော်လှန်ရေးခေါင်းဆောင် မောင်ကျော်လှိုင် စာအုပ် ထုတ်ဝေရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ရခိုင်ရို့ဇာလုပ်ကတ်ဖို့လဲ ၁၀ (မြန်မာလို - ရခိုင်တွေဘာလုပ်ကြမလဲ ၁၀) စာအုပ်အပါအဝင် ဇော်လင်း၏ အဝေးရောက် ရခိုင်သား စာအုပ်တို့ကို ပြင်ဆင်နေကြောင်း စာရေးဆရာ လှမြင့်က ပြောကြားခဲ့သည်။
ရခိုင်ညွှန့်ဖူးနှင့် ကျွန်တော်စာအုပ်ကို အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီး တစ်အုပ်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချကာ ရခိုင်ပြည်နယ် မြို့နယ်များအပါအဝင် ရန်ကုန်မြို့တို့တွင်လည်း ဖြန့်ချိထားကြောင်း သိရသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ စစ်တွေမြို့ စာရေးဆရာ ၂၀ ခန့်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။





