ဓာတ်ပုံ - ကျော်လွင်

ခင်သရဖီဦး/DMG၊ ဒီဇင်ဘာလ ၇၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်သည်ဟုဆိုကာ ထောင်ဒဏ် (၆) လ ချမှတ်ခံရသူ ရခိုင်အမျိုးသားပါတီဝင်ဟောင်း ဦးအောင်သန်းဝေမှာ ယနေ့ (ဒီဇင်ဘာလ ၇ ရက်နေ့)တွင် စစ်တွေ အကျဉ်းထောင်က လွတ်မြောက်လာသည်။

ဦးအောင်သန်းဝေသည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းအား “ လူသတ်တရားခံ တင်မောင်ဆွေကို ထွက်ခွင့်မပေးနိုင်ဘူး။ ဒီအတိုင်းထွက်သွားလို့ရှိရင် ရခိုင်လူမျိုးတွေညံ့ရာကျမယ်။ ” ဟု ပြောဆိုခဲ့မှုနှင့် သူ၏ Facebook ပေါ်တွင်  “ လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ်အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု (တရားခံ)ဘယ်သူလဲ” ဆိုသည့် Post ကိုတင်ခဲ့သည့်အတွက်ကြောင့် စစ်တွေမြို့မ ရဲစခန်းက  ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

ယင်းကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နှင့် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆ တို့ ဖြင့်ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

“ ကျနော်အနေနဲ့ လွတ်မြောက်လာတယ်ဆိုတဲ့စကားသည် မပြည့်စုံပါ။ လွတ်မြောက်လာတယ်လိုတော့ ကျနော့်အနေနဲ့ မခံယူပါ။ မတရားစွပ်စွဲ ဖမ်းဆီးတရားစွဲ ချုပ်နှောင်အပြစ်ပေးခံရခြင်းမှ အကျဉ်းသား အဖြစ်ကနေပြီး တော့ ဖိနှိပ်ခံပြည်သူဘ၀ကို ပြန်လည်ရောက်ရှိလာတယ်လို့ပဲ ကျနော်မှတ်ယူပါတယ် ” ဟု ယနေ့ နံနက်ပိုင်းက ထောင်က လွတ်မြောက်လာစဉ် ဦးအောင်သန်းဝေက DMG ကို ပြောသည်။

တရားဥပဒေဆိုသည်မှာ အာဏာရှိသည့်လူ၊ လုပ်ပိုင်ခွင့်ရှိသည့်လူများအတွက် လက်ကိုင်တုတ်ဖြစ်ပြီး ရိုးသား သည့်ပြည်သူများအတွက်( သို့) မီဒီယာသမားများအတွက်သော်လည်းကောင်း ၊ပြည်သူကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းများသော်လည်းကောင်း၊ တက်ကြွလှုပ်ရှားသူများကိုလည်းကောင်း၊ ၎င်းပုဂ္ဂိုလ်များကို ဖိနှိပ်ရန်အတွက် ဥပဒေဖြစ်နေသည်ဟုလည်း ဦးအောင်သန်းဝေက ဝေဖန်သည်။

“ကျနော်အနေနဲ့ ဘာကြောင့် အဲလိုပြောလဲဆိုတော့ လူသတ်တရားခံတွေကို ဖော်ထုတ်ပေးဖို့ အစိုးရကိုလည်း တရားဝင်တင်ပြတယ်။ တောင်းဆိုတယ်။ လူသတ်တရားခံကို ဘယ်သူသတ်လဲ မေးမြန်တာကြောင့် ထောင်ချ တယ်။ အမှန်တကယ် လူသတ်သွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဥပဒေက ကင်းလွတ်ခဲ့တာကိုး”ဟု ၎င်းကဆက်လက်ပြောသည်