ခင်သရဖီဦး၊ DMG

စက်တင်ဘာ ၂၂၊ စစ်တွေ

ရသေ့တောင်မြို့နယ်တွင် ယနေ့ကျင်းပရန်စီစဉ်ထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးကို ပါတီဝင်များမတက်ရောက်လာသောကြောင့် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ရသည်။

ရသေ့တောင်ပါတီရုံး၌ စက်တင်ဘာလ ၂၂ရက်နေ့နှင့် ၂၃ရက်အထိ နှစ်ရက်တာကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးကို ပါတီဝင်  ပြည်ထောင်စုလွှတ်တော်အမတ်များ မတက်ရောက်နိုင်သောကြောင့် ယခုလ နောက်ဆုံးပတ်တွင် ကျင်းပရန် ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ ကျနော်တို့ အခုတော့အစည်းအဝေးကိုရွှေ့ဆိုင်းလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀ရက်နေ့မှ လွှတ်တော်ပိတ်တာကြောင့် ဒီနေ့၂၂ရက်နေ့ အချိန်မီ မရောက်ရှိနိုင်လို့ အစည်းအဝေး ရွှေ့ဆိုင်းထားပါတယ်။ ဒီလမကုန်မီအတွင်း လုပ်ဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးသည် ပါတီ၏ ပုံရိပ်ဖြစ်သောကြောင့်  ရသေ့တောင်မြို့ နယ်တွင် ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်မောင်ဝင်းနှင့်ပတ်သတ်ပြီး သူ၏သားကို မဲမပေးလျှင် နိုင်ငံရေးလောကက ထွက်ခွာသွားမည်ဟု စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဒေါက်တာအေးမောင်ပြောကြားခဲ့သည်။ ယင်းသို့ပြောကြားပြီး တစ်ရက်အကြာတွင် ရခိုင်အမျိုးသားပါတီက အစည်းအဝေးပြုလုပ်ရန် ပါတီဝင်များကို ခေါ်ယူခြင်းဖြစ်သည်။

ယင်းသို့ဒေါက်တောအေးမောင်၏ ပြောဆိုမှုသည် ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ရောက်မှုရှိလာမည်ဖြစ်ပြီး ယခုကြားဖြတ်ရွေးကောက်ပွဲသည် ရခိုင်အမျိုးသားပါတီကို လူထုထောက်ခံမှုအတိုင်းအတာကို စမ်းသပ်မည့်ပွဲဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထွန်းထွန်းနိုင်က ခန့်မှန်းသည်။

“ဒေါက်တာအေးမောင် ပြောဆိုပြီးနောက် ANP ရဲ့ ရသေ့တောင် အစည်းအဝေးဟာ တိုက်ဆိုင်မှုသာ ဖြစ်လိမ့်မယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒေါက်တာအေးမောင်ဟာ ရခိုင်လူထုကြားမှာ ထင်ရှားတဲ့သူ တစ်ယောက်ဖြစ်နေတာကြောင့် သူ့ရဲ့စကားဟာ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲကို အတိုင်းအတာ တစ်ခုတော့ သက်ရောက်မှုရှိလိမ့်မယ်လို့ထင်တယ်။ ANP အနေနဲ့လည်း ဒေါက်တာအေးမောင် ပါတီက နုတ်ထွက်စာတင်ပြီးနောက် သူ့ရဲ့ ပါတီဟာ ရခိုင်လူထုထောက်ခံမှု ဘယ်လောက်ရှိသေးသလဲဆိုတာ စမ်းသပ်ပွဲလို့ ထင်တယ်။”ဟု ၎င်းက ဆိုသည်။   

ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်တွင်းအင်အားကြီးပါတီဖြစ်သောကြောင့်  ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ယုံကြည်ထားသည်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

“ပြည်သူလူထုထောက်ခံမှုအများဆုံးရရှိထားတဲ့ပါတီဖြစ်တာကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိ မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။

ရသေ့တောင်တွင် ရခိုင်အမျိုးသားပါတီ(ANP) ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့ယှဉ်ပြိုင်မည်ဖြစ်သည်။လက်ရှိတွင် ၎င်းတို့သည် အပြိုင်အဆိုင် မဲဆွယ်မှုများ ပြုလုပ်လျက်ရှိကြသည်။