(ဓါတ်ပုံ - မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၊ ပထမထပ်ခန်းမ (၂)တွင်ပြုလုပ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲ။ သားကြီး/DMG)

သြဂုတ်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။    ။   ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များအား မြန်မာအစိုးရသို့ သြဂုတ်လ ၂၄ ရက်နေ့တင်သွင်းမည်ဖြစ်ရာ ထိုအစီရင်ခံစာတွင်  လတ်တလောရခိုင်ဖြစ်စဉ်များအကြောင်း အကြံပြုချက်များတွင် ပါဝင်မည်မဟုတ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကပြောသည်။

" အန်တီတို့ ကော်မရှင်အနေနဲ့ကတော့ ဒီသြဂုတ် ၂၀ ကျော်ဆိုရင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးအကုန်လုံး  အန်တီတို့ဖက်က လုပ်ဖို့ရှိပါတယ်။ ဒါပေမယ့် အခုလတ်တလော ရခိုင်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကတော့ အန်တီတို့ ကော်မရှင်အကြံပြုချက်မှာ ပါမှာမဟုတ်ပါဘူး။ အန်တီတို့က ဒီဇူလိုင်နောက်ဆုံးထိ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရလာဒ်အပေါ်မှာ အန်တီတို့ Mandate ဆုံးထားတာမို့လို့ ဒီအပေါ်မှာပဲ အကြံဥာဏ်ပေးထားတာဖြစ်ပါတယ်။ အခုဖြစ်နေတဲ့အပေါ်မှာ အန်တီတို့ အကြံပေးထားတာ မပါပါဘူး။ ဒါပေမယ့် ဒါနဲ့ဆက်နွယ်ပြီးတော့ ဒီလိုတွေဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ကြားဖြတ်အစီရင်ခံစာ ထုတ်ကတည်းက ကော်မရှင်ဖက်က အကြံပေးထားတာရှိပါတယ်။ " ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဌ ဒေါ်စောခင်တင့်က DMG သို့ ပြောသည်။

ထိုအပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များအား မီဒီယာရှင်းလင်းပွဲကို သြဂုတ်လ ၂၄ ရက်၊ ကြာသပတေးနေ့ ညနေ ၄း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီအထိ ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၊ ပထမထပ်ခန်းမ (၂)တွင် ပြုလုပ်မည်ဖြစ်သည်။

" အကောင်အထည်ဖော်လိုက်တယ် ဆိုတဲ့နေရာမှာ ဆရာမှတ်မိသလောက် ကြားဖြတ်အစီရင်ခံစာပြီးတော့ ကမန်တွေကို ရန်ကုန်ပို့လိုက်ပါတယ်။ကမန်အစစ်ဆိုရင်တော့ ပြသာမရှိပေမယ့် ဘင်္ဂလီတွေပါလာရင်တော့ မကောင်းပါဘူးဒါတွေကို သေချာစစ်ဆေးဖို့လိုပါတယ်။နောက်တစ်ခုက ပြောတာနဲ့လုပ်တာက တခြားစီဖြစ်နေပါတယ်။ ကော်မရှင်က အကြံပေးတာပါ။ အကြံပေးတိုင်းလုပ်မှာ မဟုတ်ဘူးဆိုပေမယ့် ကြားဖြတ်အကြံပေးပြီး နောက်တစ်ရက်နေ့ စလုပ်ပါတယ်။ကော်မရှင်က အကြံပေးပေမယ့် ပြည်တွင်အခြေအနေတွေနဲ့ကိုက်ညီမှုရှိ၊မရှိသေသေချာချာပြန်စဉ်စားသင့်ပါတယ်။ အကောင်အထည် ဖော်မယ်ဆိုရင်လည်း ကိုဖီအာနန်ကော်မရှင်က အကြံပေးလို့လုပ်နာမျိုးမဟုတ်ဘဲ တကယ့်လုပ်သင့်နာကြောင့် လုပ်တာမျိုးပဲဖြစ်သင့်ပါတယ်။" ဟု ရခိုင်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကော်မတီ (ရန်ကုန်)၏ ကော်မတီဝင်၊
ရခိုင်သဟာယအသင်း (ရန်ကုန်) အကြံပေး ဒေါက်တာကျော်ကျော်အောင်က DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ စာမျက်နှာ ၂၄ မျက်နှာပါ ကြားဖြတ်အစီရင်ခံစာကို မတ်လ ၁၆ ရက်နေ့က တင်ပြပေးခဲ့ရာ အကြံပြုချက်ပါ ပြန်လည်နေရာချထားရေးအတွက် ရမ်းဗြဲမြို့နယ်မှ ကမန်လူမျိုးမိသားစု ၅၅ စု အား ရန်ကုန်မြို့သို့ ပြောင်းရွေ့နေရာချထားပေးခဲ့သည်။

" ဆရာမတို့အနေနဲ့ International ကိုလည်းကြည့်ရပါတယ်။ ဒီအပေါ်ါ်မှာ သမံကာ ချန်ကာကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ဆရာမတို့ ပြည်တွင်းအနေနဲ့လည်း နိုင်ငံတကာစံနှုန်းအပေါ်မှာ နည်းနည်း အလှမ်းဝေးနေတာကို တွေ့ရပါတယ်။ဒါ International ကြောင့်မို့ ဘယ်လိုရေးတယ်။ပြည်တွင်းအနေနဲ့ ဒါကို ဘယ်လို နားလည်ရမယ်။ ဒီဒေသခံတွေအနေနဲ့ ဘယ်လိုနားလည်ရမယ်။ဒါကိုဘယ်ာလို အကောင်အထည်ဖော်ရင် ကိုယ့်တိုင်းပြည် ၊ကိုယ့်လူမျိုးအတွက် အကျိုးရှိမယ်ဆိုတာတွေကို စဉ်စားဖို့လိုပါတယ်။ဆရာမတို့ ပေးလိုက်တဲ့အကြံဟာ ဘယ်လောက်ပဲ ကောင်းကောင်းဆိုးဆိုး၊ လုပ်မယ် မလုပ်ဘူးဆိုတာ အစိုးရက ဆုံးဖြတ်ရပါမယ်။" ဟု ဒေါ်စောခင်တင့်က ဆက်ပြောသည်။

ထိုကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ပဋိပက္ခကာကွယ်တားဆီးခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှုစသည်တို့ အပါအဝင် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များ၊ မြန်မာအစိုးရအနေဖြင့် ချက်ခြင်းအရေးယူဆောင်ရွက်နိုင်သည့်အကြံပြုချက်များနှင့် ရေရှည်လုပ်ဆောင် သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကိစ္စရပ်မျာနှင့် သက်ဆိုင်သော အကြံပြုချက်များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို မြန်မာနိုင်ငံအစိုးရမှ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့်  ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်ပြီး ဒေသခံရခိုင်လူမျိုးအများစုကမူ ထိုကော်မရှင်အား လက်မခံကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ထားကြသည်။