
(ဘာသာရေးခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့တို့တွေ့ဆုံစဉ်။ ဓါတ်ပုံ - ရွှေစေတီဆရာတော်)
မေလ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် ကြားဖြတ်အစီရင်ခံစာပါအချက်များအား မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် သီးခြားစီ တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရွှေစေတီဆရာတော်အရှင်အရိယာဝံသ က ယခုလိုပြောသည်။
“ သူတို့ရဲ့ ကြားဖြတ်အစီရင်ခံစာကိစ္စပါ။ ဒေသခံတွေလက်မခံနိုင်တဲ့ အချက်တွေကို ဆွေးနွေးအကြံပြုခဲ့တယ်။ ဥပမာ-မူဆလင်အသိုင်းအဝိုင်းတွေ အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်ခွင့်မရတာတွေ၊ တခြားနေရာတွေမှာ ပါဝင်ခွင့်မရတာတွေကို ပါဝင်ခွင့်ရအောင် ကော်မရှင်ကြားဖြတ်အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။ အဲဒီအချက်ကို ကန့်ကွက်ခဲ့ပါတယ်။ လက်မခံနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။ ၈၂ ဥပဒေနဲ့ နိုင်ငံသားစီစစ်တာကို လက်မခံဘဲ ၈၂ ဥပဒေအရ နိုင်ငံသားမဖြစ်ဘဲ အုပ်ချုပ်ရေးယန္တရားမှာပါဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒါကြောင့် နိုင်ငံသားဖြစ်လာခဲ့ရင်တောင် တိုင်းရင်းသားအခွင့်အရေးကို မရနိုင်ပါဘူး။ အဲဒီအချက်ဟာ ဥပဒေနဲ့လည်းမညီတာကြောင့် အဲဒီအချက်ကိုလည်း ကန့်ကွက်ကြောင်း ပြောခဲ့ပါတယ်။ ” ဟု DMG သို့ မိန့်ကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေစေတီကျောင်းဆရာတော်အရှင်အရိယာဝံသ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ပုလဲရတနာဆရာတော်၊ ရန်ကုန်ဗိုလ်တစ်ထောင်မင်္ဂလာရာမကျောင်းမှ တိုက်အုပ်ဆရာတော်ဦးပညာသာရ၊ ရန်ကုန်ရွှေကျင်တိုက်မှ တိုက်အုပ်ဆရာတော်ဦးဥာဏစသည့်ရခိုင်လူမျိုးဆရာတော်ကြီး လေးပါးနှင့် ငါးကျမ်းပြန်ကျောင်းဆရာတော် ဒေါက်တာဓမ္မပီယ၊ ဆေကိန္ဒရာမကျောင်းဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်မှတစ်ပါးနှင့် မန္တလေးသာသနာ့တက္ကသိုလ်မှတစ်ပါးအပါအဝင် စုစုပေါင်းဆရာတော်ကြီး ၈ ပါးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မူဆလင်များနှင့် ပြဿနာဖြစ်ပွားသည်မှာ ၁၉၄၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် မောင်တောဖြစ်စဉ်အထိ စုစုပေါင်း ၈ ကြိမ်ရှိကြောင်း၊ ကမ္ဘာ့မီဒီယာများက ပြောနေရေးနေကြသလို မူဆလင်များကို ဒေသခံရခိုင်များက အကြမ်းဖက်ခြင်းမဟုတ်ကြောင်း ဆရာတော် အရှင်အရိယာဝံသက မိန့်သည်။
“ ဒီနေ့ အဖွဲ့လေးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ UNSPA နဲ့ GC တို့ပေါင်းပြီး တွေ့ဆုံခဲ့ကြပါတယ်။ လူဦးရေစီစစ်ခြင်းနဲ့ပတ်သက်ပြီး တိုးတက်မှုရှိ/မရှိဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။ UNHCR နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအဖွဲ့နဲ့ကတော့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းမှာ ဘာတွေတိုးတက်မှုရှိလဲ။ IDP CAMP တွေမှာ ဘာအခက်အခဲတွေရှိလည်း၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဆရာတော်ကြီးရှစ်ပါးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ” ဟု ကော်မရှင်အဖွဲ့ဝင်ဒေါ်စောခင်တင့်က DMG သို့ပြောသည်။
ထိုတွေ့ဆုံဆွေးနွေးအကြံပြုချက်များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံဌာနေတိုင်းရင်းသားရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်ဘင်္ဂလီများ အတူတကွ မည်သို့ဆက်လက်နေထိုင်သင့်သလဲ နှစ်ဖက်ဘာသာရေးခေါင်းဆောင်များ၏ အကြံပြုချက်များကိုလည်း ရယူခဲ့သည်။
“ ဆွေးနွေးအကြံပြုချက်တွေအကုန်လုံးကိုတော့ မှတ်ချက်ပြုမှတ်ထားလိုက်ပါတယ်။ အပြုသဘောဆောင်တဲ့ အချက်တွေကို အတွင်းစည်းမှာ ဆွေးနွေးစဉ်ဘာတွေပါသင့်တယ်။ ဘယ်ဟာမပါသင့်ဘူးဆိုတာကို ဆက်ဆွေးနွေးဖို့ရှိပါတယ်။ ဆရာတော်ကြီးတွေအကြံပြုခဲ့တဲ့ ၁၉၈၂ ဥပဒေနဲ့စီစစ်မယ့်ဟာကိုလည်း အကြံပြုထားပါတယ်။ ရိုးရိုးသာမန် စိစစ်သလိုမျိုးမဟုတ်ဘဲ စနစ်တကျဗျူဟာချပြီးလုပ်သွားဖို့ ကော်မရှင်ဖက်က အကြံပြုပေးထားတာတွေရှိပါတယ်။ ၈၂ ဥပဒေနဲ့ စိစစ်မယ့်ကိစ္စကို ဘာသာရေးဆရာတွေဖက်ကလည်း လက်ခံကြောင်း ဆွေးနွေးသွားပါတယ်။ ” ဟု ၄င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ၊ သြဂုတ်လက စတင်ဖွဲ့စည်းခဲ့ကာ ယခုနှစ်မတ်လက မြန်မာအစိုးရသို့ ကြားဖြတ်အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။




