ခင်သရဖီဦး / DMG
ဇွန် ၃ ၊ စစ်တွေ
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းက ညမထွက်ရအမိန့်ထုတ်ပြန်ထားသော မြို့နယ် (၅)မြို့နယ်တွင် ညမထွက်ရအမိန့် သက်တမ်း (၂)လ တိုးမြှင့်ထုတ်ပြန်လိုက်သည်ဟု သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး များနှင့်ဒေသခံများထံက သိရသည်။
ညနေ ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းပြား၊ကျောက်တော်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တို့တွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ မေလကုန်အထိ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယခု ဇွန်လမှ ဇူလိုင်လကုန်အထိ ညမထွက်ရ အမိန့်ကို ထပ်တိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ညမထွက်အမိန့် ထပ်တိုးလိုက်ခြင်းကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဒေသခံများကို အသိပေးရန် ညွှန်ကြားထားကြောင်း မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်ကပြောသည်။
အဆိုပါမြို့နယ်များတွင် လမ်းမကြီးများ၊အများပြည်သူတို့ သွားရာလမ်း၊လမ်းသွယ်၊လမ်းကြား၊ ဥယျာဉ် (သို့မဟုတ် ) အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင်သတ်မှတ်ထားသည့်အချိန်အတွင်း သွားလာခြင်းမပြုရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဇန်နဝါရီလမှ မတ်လအတွင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ရဲစခန်း၊ရဲကင်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံး၊ဒဏ်ရာ ရရှိမှု၊နိုင်ငံတော်ပိုင် အဆောက် အဦ၊ယာဉ်များ၊ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
ထို့ကြောင့် အဆိုပါ နယ်မြေများတွင် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ထိခိုက်ကျဆင်းမှုမဖြစ်စေရေးနှင့်အုပ်ချုပ်ရေး ယန္တရားခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းဟု အစိုးရက ကြေငြာထားသည်။
ညမထွက်ရအမိန့်ကြောင့် အဆိုပါ မြို့နယ်က ဒေသခံများမှာ ကျန်းမာရေး၊လူမှုရေးနှင့်စီးပွားရေးကိစ္စများတွင် အခက် အခဲများကြုံတွေ့လျက်ရှိကြသည်။




