
နေရောင်မင်း(စစ်တွေ)၊DMG
စက်တင်ဘာ ၁၁၊ စစ်တွေ
ရက္ခိုင့်တပ်မတော်(AA) နှင့်မြန်မာတပ်မတော်တို့ စက်တင်ဘာလ (၁၀) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်၊ ကျဆုံးမှုများရှိသည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။
ရက္ခိုင့်တပ်မတော် လှုပ်ရှားရာနေရာဖြစ်သည့် “ထရော်အိုင်”အနီးသို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ တိုက်ပွဲကြောင့် ရက္ခိုင့်တပ်မတော်ဘက်မှ အလတ်စားဒဏ်ရာရသူ (၂) ဦးနှင့် တပ်မတော်ဘက်မှ (၄) ဦးခန့် ကျဆုံးသွားသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်သည့် TNLA၊ AA ၊ MNDAA တို့ တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ တွေ့ဆုံပြီး ၅ ရက်အကြာမှာ ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်သည်။
ကုလားတန်မြစ်ကြောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု AA က ဆိုသည်။
ရခိုင်တွင် သြဂုတ်လ ၂၉ ရက်နေ့က တပ်မတော်နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံတိုက်ပွဲဖြစ်ပေါ်လာခြင်းဖြစ်သည်။
ရက္ခိုင့်တပ်မတော် (AA) သည် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ၊ဝပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) စသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) တွင် ပါဝင်သည့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည်။
ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီသည်“ဝ”အဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်ကိုသာ စွဲကိုင်မည်ဟု ကြေငြာထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ငြင်းဆန်ထားခြင်း ဖြစ်သည်။




