သတင်း - လူထုဇော်ဝင်း / DMG

ဇူလိုင် ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။      ။ ကျောက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာတွင် ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ နှစ်ပတ်လည်တွေ့ဆုံပွဲမှ လုပ်ငန်းစဉ် ၆ ခုကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ် ၆ ခုမှာ ရခိုင့်လူ့အခွင့်အရေးအဖွဲ့သားများအား စွမ်းရည်မြှင့်ပေးရန်၊ တောင်သူများ၏ လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများ ပုံစံ ၇ ရရှိရန်၊ မတရားသိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရန်၊ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများအား ဆောင်ရွက်ရန်၊ အမျိုးသမီးများ၏ အိမ်တွင်းအကြမ်းဖက်ခံရမှုများအား ဆောင်ရွက်ရန်၊ မဏ္ဍိုင်ကြီး ၃ ရပ်မှ အဂတိလိုက်စားမှုများအား ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း အဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

ယင်းအဖွဲ့၏ နှစ်ပတ်လည်တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှ ကိုယ်စားလှယ် ၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဒေသအလိုက် တောင်သူများ၏ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်မှုများတွင် ပုံစံ(၇)ရရှိရန်၊ မီတာပုံးရရှိရန်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အငြင်းပွားမှုများအား ဖြေရှင်းမှု၊ ဌာနဆိုင်ရာမှ ပုဂ္ဂလိကမြေများ သိမ်းဆည်းထားခြင်း ပြန်လည်ရရှိရန်၊ ကျေးရွာအိမ်ခြေတိုးချဲ့ခြင်း၊ အကျဉ်းသားများ ဆေးကုသခွင့်ရရှိရန်၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ လူသတ်မုဒိန်းကျင့်မှု အမှုမှန်ပေါ်ပေါက်ခြင်း၊ ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လယ်ယာမြေအငြင်းပွားမှု၊ မတရားစွပ်စွဲခံရပြီး အဖမ်းခံရသူ လွတ်မြောက်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း အဖွဲ့၏ကာကွယ်ရေးတာဝန်ရှိသူ လူ့အခွင့်အရေးရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကို ၂၀၁၇ ခုနှစ် မေလက ကျောက်တောမြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော ဌာနေတိုင်းရင်းသားများအားလုံး တရာမျှတမှုနှင့် မိမိတို့အခွင့်အရေးကို ရရှိနိုင်ရန် ဆောင်ရွက်နေသောအဖွဲ့ဖြစ်ကြောင်း သိရသည်။