
(အမျိုးသားရေးလှူပ်ရှားလို့ နိုင်ငံတော်အကြည်ညိုပျက်စေမှူနှင့် တရားစွဲခံရသည့် ၄ ဦး တရားရုံးက အာမခံမပေးပေ။ ဓါတ်ပုံ - ကောင်းကောင်း/DMG)
မေလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။ ။ "ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်း" အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သူများကို ပထမ ငြိမ်းစုစီပုဒ်မ ၁၉ နှင့် စွဲဆိုထားပြီး နောက်ထပ် ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် မေလ ၁၂ ရက်နေ့က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ အာမခံမပေးကြောင်း သိရသည်။
ထိုဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူများဖြစ်သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ မျိုးချစ်ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဥက္ကဌ ဆရာတော် ဦးဥာဏဓမ္မ၊ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တ၊ မြန်မာ့အမျိုးကွန်ယက် ဥက္ကဌ ကိုဝင်းကိုကိုလတ်၊ တွဲဖက်အတွင်းရေးမှူး ကိုနောင်တော်လေး၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုသက်မျိုးဦးနှင့် ကိုနေဝင်းအောင်တို့ကို စွဲဆိုထားခြင်းဖြစ်သည်။
" ကျွန်တော်တို့ကို ထောင်ချလို့ ရိုဟင်ဂျာက ရှိလာမှာမဟုတ်ဘူး။ ဘင်္ဂါလီက ဘင်္ဂါလီပဲ။ ကာကွယ်ရေး ဦးစီးချုပ်လည်းပဲ တပ်မတော်နေ့က ရိုဟင်ဂျာမရှိဘူး ပြောခဲ့တယ်။ သူရော နိုင်ငံတော် အကြည်ညို ပျက်စေသလား " ဟု မြန်မာအမျိုးသားရေးကွန်ယက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က တရားရုံးအထွက်တွင် ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ဟစ်တိုင်ကွင်းမှာ ဆန္ဒဖော်ထုတ်ကြဖို့ ခွင့်ပြုခဲ့သော်လည်း အမေရိကန်သံရုံးရှေ့တွင်သာ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအ၀ိုင်း အသုံးအနှူန်းကို မသုံးဖို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့က တရားစွဲဆို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုအမေရိကန်သံရုံးကို ဆန္ဒပြခဲ့ကြသူများထဲမှ လူလေးဦး၏ အာမခံလျှောက်ထားမှုကို ကမာရွတ်တရားရုံးက ပယ်ချခဲ့ပြီး မေလ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းခဲ့သည်။ ယနေ့တရားရုံးသို့ သံဃာတော်သုံးပါး ကြွရောက်မလာခဲ့ကြပေ။




