
(ရခိုင်ပြည် အကြံပေးကော်မရှင်တွင် ပါဝင်သော ဥက္ကဌ ကိုဖီအာနန်နှင့် အဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓါတ်ပုံ - Advisory Commission on Rakhine State)
မေလ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ စစ်တွေခရီးစဉ်တွင် ဒေသခံရခိုင်များနှင့်လည်း တွေ့ဆုံဆွေနွေး ရန်မျှော်လင့်ကြောင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကဆိုသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှူအဖွဲ့ (ရန်ကုန်) ဥက္ကဌ ဒေါ်စောခင်တင့်က " ဒေသခံရခိုင်တွေအနေနဲ့ မိမိတို့လိုချင်တဲ့ အချက်တွေ၊ မပြောလိုက်ရတဲ့ အကြောင်းအရာတွေ ပြောချင်တာတွေ၊ အကြံပြုချင်တာတွေကို ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေး အကြံပြုတာက ပိုပြီးအကျိုးရှိလိမ့်မယ့် ထင်ပါတယ်။ စစ်တွေခရီးစဉ်မှာ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်သလို ပြည်နယ်အစိုးရ၊ ရခိုင်ပါတီ၊ ဒေသခံရခိုင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့လည်း မျှော်လင့်ထားပါတယ်။ " ဟု DMG သို့ ပြောသည်။
မြန်မာအစိုးရသို့ မတ်လကတင်ပြခဲ့သည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မေလ ၉ ရက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၃၀ မိနစ်ထိ စစ်တွေဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်တဲ့အပေါ်မှာ ရခိုင်မီဒီယာတွေ ဘာတွေ သိချင်လဲ။ ဘာတွေမေးချင်သလဲ။ ဘာတွေဆက်ပြီး အကြံပြုဆွေးနွေး ချင်သလဲ။ ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိနိုင်တဲ့ မေးခွန်းတွေကို မေးလို့ရှိရင် ပိုပြီးအဆင်ပြေပါမယ်။ အကြံပြုချက်မှာ ရခိုင်တွေ မကြိုက်တာတွေ၊ လက်မခံနိုင်တာတွေလည်း ပါနိုင်ပါတယ်။ ဒါကြောင့် ရခိုင်တွေသိချင်တာတွေကို ရခိုင်မီဒီယာတွေကမေးပြီး ကော်မရှင်က ရှင်းပြလိုက်ရင် ရခိုင်တွေပိုပြီးနားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက ရန်ကုန်မှာလည်း မီဒီယာဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ရန်ကုန်မှာက ပြည်မဖက်က မီဒီယာတွေ ပိုများတာကြောင့် ရခိုင်မီဒီယာတွေနဲ့လည်း သီးသန့်တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ကြတာကြောင့် ရခိုင်မီဒီယာတွေကို အလေးထားဆွေးနွေး သွားမှာပါ။ " ဟု စစ်တွေတွင် ရခိုင်မီဒီယာများနှင့် ရှင်းလင်းပွဲလုပ်မည့်အကြောင်းကို ရှင်းပြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးက်ာမရှင်နှင့် ရခိုင်ဆရာတော်များပါဝင်သည့် သံဃာတော် ၈ ပါးတို့ကို မေလ ၈ ရက်နေ့က ရန်ကုန်တွင် တွေဆုံဆွေးနွေးခဲ့ကာ ရခိုင်များနှင့်လည်း ရန်ကုန်တွင် တွေ့ဆုံသွားရန်ရှိသေးကြောင်း သိရသည်။




