(ဇွန်လ ၇ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ဝန်ဝမ်းအိမ်ခန်းစီစဉ်ပေးရန်ကိစ္စအား ဆွေးနွေးနေစဉ်။)
ဇွန်လ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈ ခုတွင် ဝန်ထမ်းအိမ်ခန်း ၂၅၄ ခန်းအား ဇူလိုင်လမှစတင်ကာ နေရာချထားပေးနိုင်အောင် ဆောင်ရွက်နေကြောင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက DMG ကိုပြောသည်။
“ ကျနော်တို့က ဆောင်လုပ်ပြီးစီးပါပြီ။ အခန်းတွေကိုသာ ဘယ်လိုမူတွေနဲ့ ပေးမယ်ဆိုတာ ဆွေးနွေးတုန်းပါ။ ကျနော်တို့ ဌာနဆိုင်ရာအလိုက် ဘယ်လိုခွဲခြမ်းပြီး ချထားပေးမယ်ဆိုတဲ့မူဝါဒ မပြီးသတ်သေးပါပေးဘူး။ ” ဟု ပြောဆိုသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တော၊ မြေပုံ၊ မာန်အောင်၊ တောင်ကုတ် စသည့်မြို့နယ်များရှိ ၀န်ထမ်းအိမ်ရာများကို နေရာချထားပေးရာတွင် လုပ်သက် (၁၀) နှစ်နှင့်အထက် ၀န်ထမ်းများအား ဦးစားပေးချပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၀န်ကြီးဦးအောင်ကျော်ဇံက မူဝါဒပြတ်သားစွာ မချမှတ်နိုင်သေးကြောင်း DMG ကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာ၊ တန်းဖိုးနည်းအိမ်ရာ၊ တန်းဖိုးသင့်အိမ်ရာ စသဖြင့် အိမ်ရာ စီမံကိန်းများရှိနေပြီး ရခိုင်ပြည်အတွင်း ဝန်ထမ်းအိမ်ရာချထားရေး စီမံချက်အရ အိမ်ခန်းပေါင်း ၃၀၂ ခန်းရှိရာ သံတွဲမြို့နယ်အတွင်း ဝန်ထမ်းအိမ်ခန်း ၄၈ ခန်းအား နေရာချထားပေးထား ပြီးပြီဖြစ်ကြောင်း သိရသည်။




