
စိမ်းကိုကို။ DMG
စက်တင်ဘာ ၁၃၊ စစ်တွေ
အိန္ဒိယအစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအရ ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကူညီထောက်ပံ့ပေးရန် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ သီးခြားသဘောတူညီထားကြောင်း အိန္ဒိယသံအမတ်က စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော သဘောတူညီချက် ၂ ရပ်အား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ အိန္ဒိယသံမတ် ပြောကြားခဲ့သည်။
အဆိုပါ သီးခြားသဘောတူညီချက်အရ ရှေ့ပြေးစီမံကိန်းများအဖြစ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် အသင့်နေထိုင်နိုင်သော နေအိမ် အလုံး ၂၅၀ ကို ပထမဆုံးတည်ဆောက်ပေးထားကာ ၄င်းနေအိမ်များတွင် နေရပ်စွန့်ခွာခဲ့ကြသော ဘာသာအသီးသီးမှ အခက်အခဲရင်တိုင်နေရသူများအတွက် တည်ဆောက်ပေးထား ခြင်းဖြစ်ကြောင်း အိန္ဒိယသံမတ် His excellency,Vikram Misri ကပြောသည်။
“ ကျွန်တော်တို့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေမှာ ရခိုင်၊ ဟိန္ဒူ၊ မူစလင်၊ မြို၊ သက်၊ ဒိုင်းနက် စတဲ့ လူတွေ နေထိုင်ဖို့ အတွက်ကို ဆောက်လုပ်လှူဒါန်းဖို့ လုပ်နေပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အပိုင်းတွေမှာ လိုအပ်နေတယ်ဆိုလို့ရှိရင်လည်း အိန္ဒိယအနေနဲ့ အတတ်နိုင်ဆုံးကူညီဖို့ အဆင်သင့်ရှိပါတယ်”ဟု သံအမတ်က ပြောသည်။
အိန္ဒိယနိုင်မှ တာဝန်ယူတည်ဆောက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၊ စစ်တွေဆိပ်ကမ်း တည်ဆောက်မှုမှာလည်း အောင်မြင်စွာပြီးဆုံးနေပြီဖြစ်သလို ယခုနှစ်တွင်လည်ပတ်နိုင်ရန်အတွက် မြန်မာ နိုင်ငံဘက်မှ ကုမ္မဏီခွဲများကို ရှာဖွေနေပြီး ဆိပ်ကမ်းလည်ပတ်နိုင်ရေးအတွက် အိန္ဒိယနှင့် မြန်မာအစိုးရတို့ ကြား နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးရန် ကျန်နေသေးကြောင်းလည်း ပြောသည်။




