
ခိုင်ရိုးလ / DMG
ဇန်နဝါရီလ ၃၀ ၊ စစ်တွေ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ရက္ခိုင့်တပ်မတော်(AA)၏ ရက္ခိတ လမ်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်ရန် အသိပေးစာပေးပို့ခြင်း မရှိခဲ့ကြောင်း ရက္ခိုင့်တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“အဲဒီဟာက မဟုတ်ပါ။ အဲဒါတွေက ကျွန်တော်တို့နဲ့ လုံးဝ မပတ်သက်ပါ။ ပြည်သူလူထုကြားမှာ အထင်မြင် လွဲလာအောင် တမင်သက်သက် လုပ်ကြံမှုတွေဖြစ်တယ်။ တချို့စာတွေမှာဆိုရင် အာရ်ကန်ကိုရေးတဲ့ဟာတာင် မမှန်ဘူး။ တံဆိပ်တွေလည်း အားလုံးအတုတွေပါ ” ဟု ဦးခိုင်သုခက DMG ကို ပြောသည်။
ဝန်ကြီးများအား အသိပေးစာအပြင် ဘဏ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများမှလည်း ရန်ပုံငွေ သိန်း ၅၀ တောင်းခံသည့်စာများမှာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လူမှုကွန်ယက်ပေါ်ပျံ့နှံလာခဲ့ပြီး ၎င်းစာများမှာ အတုများသာဖြစ်ကာ AA အပေါ် ပြည်သူများအထင်လွဲအောင် လုပ်ကြံခြင်းသာဖြစ်ကြောင်း ရက္ခိုင့် တပ်မတော်မှ ဆိုသည်။
လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေသည့် အသိပေးစာထဲတွင် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွာရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းတို့ပါဝင်သည်။
ထိုသို့ အသိပေးစာအတုများတွင် ဝန်ကြီးများ၏နာမည်များ ပါဝင်နေမှုအပေါ် DMG က ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
ရန်ပုံငွေတောင်းခံသည့် စာအတုတွင် စစ်တွေမြို့မှ ဘဏ်တစ်ခုနှင့် ဟိုတယ်တစ်ခုပါဝင်နေသည်ကိုလည်း တွေ့ရသည်။




