
သြဂုတ်လ (၉) ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ/DMG
ရခိုင်ပြည်နယ်မှာ မြို့နယ်ပညားရေးဖွံဖြိုးတိုးတက်ရေး စီမံကိန်း (TEPT) ဖြင့် စာမတတ်သူဦးရေနှင့် ကျောင်းပြင်ပရောက်နေသော လူငယ်များကို ပြည်နယ်ပညာရေးရုံးမှ unicef အဖွဲ့နှင့် ပူးပေါင်းကာ စာရင်းကောက်ယူနေကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာရင်းကောက်ခံမှု၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း ပညာမသင်ဘဲ ကျောင်းပြင်ပသို့ရောက်ရှိသွားသူ လူငယ်များဦးရေကို အသက်အရွယ်လိုက်၍မှတ်ယူကာ ရရှိလာသော အချက်လက်ပေါ်သုံးသတ်၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လှိုင်က ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ စာမတတ်သူဘယ်လောက်ရှိတယ်။ ဘယ်လောက်အသက်ရွယ်မှာ ကျောင်းသားတွေက ကျောင်းမနေဘဲ ကျောင်းပြင်ပရောက်နေတာတွေ ဘာကြောင့် ကျောင်းပြင်ပကိုရောက်ရတယ်ဆိုတာကို စာရင်းကောက်ယူတာဖြစ်ပါတယ်။ အခုကောက်ယူထားတဲ့ စာရင်းတွေကို ကျေးရွာအုပ်စုအလိုက်၊ မြို့နယ်အလို်က်နောက်ပြီး ပြည်နယ်အထိ ဒေတာအချက်လက်တွေအပေါ်မှာ စိစစ်ပြီးတော့ ပညာရေးဖွံဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်သွားမယ်မှာ ဖြစ်ပါတယ် ”
အခုလို စာရင်းကောက်ယူမှုကို သြဂုတ်လ ၁ ရက်မှ စပြီး အောက်တိုဘာလအထိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် ၁၇ မြို့နယ်လုံး အပြီးကောက်ယူနေပြီး အသက် ၃ နှစ်မှ ၁၅ နှစ်ထိ လူငယ်များအတွက် ကျောင်းပြင်ပ ပညာရေးအတွက် အစီစဉ်ဆွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိရခိုင်ပြည်နယ်မှာ စာတတ်မြောက်နှုန်းနည်းပါးနေပြီး အခုလို မြို့နယ်အလိုက် ပညာရေးဖွံဖြိုးတိုးတက်ရေးစီမံကိန်းပြီးဆုံးသွားလျှင် စာတတ်မြောက်နှုန်းမြင့်တက်လာမည်ဟု မျှော်လင့်ကြောင်း လည်း ကသူပြောသည်။
အဆိုပါ အစီစဉ်အား စစ်တွေမြို့ ရိုးမအလင်းအခမဲ့ စာသင်ကျောင်းမှ စေတနာဆရာ ဦးမြင့်သောင်းက သူ့အမြင်ကို အခုလိုပြောပါတယ်။
“ ဒီအစီစဉ်က ကောင်းတာပါတယ်။ ဒါပယ်မယ့် ကျွန်တော်ပြောချင်တာကတော့ ဒီကလေးတွေအတွက် ဥပမာ မူလတန်းကနေကျောင်းထွက်လာခဲ့တဲ့ ကလေးတွေက အခုအချိန်မှာ လုပ်ငန်းခွင်ထဲရောက်နေပြီဆိုရင် သူ့ရဲ့ဝင်ငွေ အပေါ်မှာ မိသားစုက မှီခိုနေရတယ်။ အဲလိုမျိုးရှိသလို လုပ်ငန်းစဉ်ကို မရောက်သေးတဲ့ ကလေးတွေရှိတယ်။ ဒါကြောင့် ဒီကလေးတွေကို အကုန်လုံးကို စာသင်ပေးနိုင်မယ်ဆို့တော့ ကြိုဆိုပါတယ်။ လုပ်ငန်းခွင်ဝင်နေတဲ့ ကကလေးတွေရဲ့ ဝင်ငွေကို မှီခိုနေရတဲ့ မိသားစုတွေအတွက် ဒီအစီစဉ်ကနေပြီးတော့ တစ်ခုခု ထောက်ပံ့ပေးမှုတွေလိုမယ် ” ဟု ပြောသည်။
အဆိုပါ စီမံကိန်းအတွက် စာရင်းကောက်ယူရန် unicef အဖွဲ့နှင့် ပြည်နယ်ပညာရေးဌာတို့ပူးပေါင်းကာ ရခိုင်ပြည်နယ်အတွင်းမှ ဆရာဆရာမ ၂၀၀ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လက စစ်တွေမြို့ အထက ၄ မှာ သင်တန်း ၅ ရက်ကြာပို့ချပေးခဲ့သည်ဟုသိရသည်။
ယခုလုပ်ဆောင်မည့်စီမံကိန်းကို မြန်မာနိုင်ငံမှာ ကချင်၊ မွန်၊ ကယားပြည်နယ်တို့တွင် လုပ်ဆောင်ပြီးဖြစ်ကာ ရခိုင်ပြည်နယ်မှာ ယခုလမှ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟုသည်လည်းဆိုသည်။




