
ခိုင်ရိုးလ၊ DMG
အောက်တိုဘာ ၃၀၊ စစ်တွေ
ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများမှာ စွမ်းအင်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတွင် များလာနေကြောင်း စက်တင်ဘာ ၃၀ ရက်နေ့၊ စစ်တွေဟိုတယ်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ နည်းဥပဒေ အကြောင်း ရှင်းလင်းပွဲအခမ်းနားအပြီးတွင် ရင်းနှီးမြှုပ်နှံမှုဦးစီးဋ္ဌာန ပြည်နယ်ညွှန်ကြာရေးမှူးထံမှ သိရသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူတွေကတော့ လက်ရှိ စွမ်းအင်လုပ်ငန်းမှာ အများဆုံးဖြစ်နေပါတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုမှာဆိုရင် အများဆုံးက ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေဖြစ်ပါတယ် ” ဟု ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများဦးစီးဋ္ဌာန ညွှန်ကြားရေး မှူး ဒေါက်တာထူးမင်းသိမ်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၂၇ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၁ ခုရှိပြီး ရင်းနှီးမြုပ်နှံမှုအများဆုံးနေရာမှာ သံတွဲမြို့နယ်ဖြစ်ကြောင်းလည်းသိရသည်။
“ရင်းနှီးမြုပ်နှံမှု ပမာဏက လက်ရှိမှာ နိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားတွေတက်လာပါတယ်။ ယခု ကျပ်သန်း ၃၀၀၀ ထပ်မံ တိုးလာနေပါတယ်။ ကျွန်တော်တို့က နောက်ထပ်လည်း လာမယ့်လတိုင်းမှာ ရင်းနှီး မြှုပ်နှံမှုတွေကို ခွင့်ပြုပေးနိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်” ၄င်းကဆိုသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများလာနေခြင်းမှာ ပြည်နယ် အတွင်း သာယာလှပသောကမ်းခြေများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်များ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းကာ ဆောင်ရွက်နေသော ကုမ္ပဏီမှာ ၂၁ ခုသာ ရှိနေသေးကြောင်းသိရသည်။
၂၀၁၉ ခုနှစ်တွင်ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တိုးတက်စေရန် ငပလီကမ်းခြေ၌ ဆွေးနွဲပွဲ၊ ပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။




