
မင်းထွန်း / DMG
ဖေဖော်ဝါရီ ၂၃၊ စစ်တွေ
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းပေးရန် ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
၎င်းအဆိုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းပေးပြီး ငြိမ်းချမ်းရေးစကားဝိုင်းသို့ အမြန်ဆုံးရောက်စေရန် ယခုအဆိုကို တင်သွင်းခြင်းဖြစ်ကြောင်း ဦးဦးသန်းနိုင်က ဆိုသည်။
“စစ်ပွဲကို လူတိုင်းမကြိုက်တဲ့အတွက် အမြန်ဆုံးရပ်အောင် ဒီအဆိုကိုတင်တာ။ ဒေသခံပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝ ဆုတ်ယုတ်လာတဲ့အတွက် စစ်ပွဲတွေရပ်ဆိုင်းသင့်တယ်” ဟု ဦးဦးသန်းနိုင်က ပြောသည်။
ယခုဖြစ်ပွားနေသည့် တိုက်ပွဲများကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်မှသာလျှင် ရပ်တန့်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အဆိုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်းစားလှယ် ၅ ဦးမှ ဆွေးနွေး ခဲ့ပြီး ၎င်းနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော်တက်ရောက်သူမရှိခဲ့၍ အဆိုအပေါ် ပြည်နယ်အဆင့် တာဝန်ရှိသူများ ဆွေးနွေးမှုမရှိခဲ့ပေ။
၎င်းအဆိုအပေါ် လွှတ်တော်၏သဘောဆန္ဒကိုရယူရာတွင် ကန့်ကွက်သူမရှိခဲ့၍ အဆိုကို အတည်ပြုခဲ့သည်။
တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တိုက်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်သွားပြီးဖြစ်ကာ ယခုအချိန်ထိ အကျိုးအမြတ်တစ်ခုမှ မရှိသေးဟု အဆိုနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့သူ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“စစ်ပွဲတွေကြောင့် နှစ်ဦးနှစ်ဘက် ထိခိုက်နစ်နာမှုတွေရှိတယ်။ ပြည်သူတွေပါ ဒုက္ခဖြစ်တဲ့အတွက် စစ်ပွဲ တွေကိုရပ်ဆိုင်းပြီးရင် အနာဂတ်မှာ ဘယ်လိုငြိမ်းချမ်းဖို့လဲဆိုတာကို ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခုကို ရှာဖွေသင့်တယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော်အထိ နေရပ်စွန့်ခွာနေကြရကြောင်း သိရသည်။




