ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန

ဒီဇင်ဘာ ၁၆၊ ၂၀၁၈  ခုနှစ်၊ ခိုင်ရိုးလ / DMG

ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြားတိုက်ပွဲများမှာ ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင် မြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တစ်နေ့တည်းတွင် ရသေ့တောင်မြို့နယ် သောင်းဒရာကျေးရွာနှင့် ထီးစွဲကျေးရွာ အကြားတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမကျေးရွာနှင့် ကျွန်းသာယာကျေးရွာအကြားတွင်လည်း တိုက်ပွဲများအသီးသီး ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်သည်။

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီးရှိ ရသေ့တောင်-ဘူးသီးတောင်ကားလမ်းမပေါ်တွင် ယနေ့နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သံများကို မိနစ် ၂၀ ခန့်ကြားခဲ့ရကြောင်း ရသေ့တောင် မြို့နယ်ထီးစွဲကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးမှ ပြောသည်။

“အခုတော့ အဲဒီနေရာမှာ စစ်ကားတစ်စီး မှောက်လန်နေတာကို မြင်နေရပါတယ်။  လမ်းမထက်မှာ လူသွား လူလာတွေမရှိပါဘူး။ အခုကျွန်တော်တို့ ရွာသားတွေ ကြောက်လန့်နေကြပါတယ် ” ဟု ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်သည့် အသံများကို ထီးစွဲကျေးရွာမှကြားနေရပြီး ရွာသူရွာသားများမှလည်း ကြောက်လန့်နေကြကြောင်း သိရသည်။

“ပေါက်ကွဲမှုဖြစ်တာတော့ မှန်ပါတယ်။ ဘယ်လိုဖြစ်တာတော့ မသိရသေးပါ။ လက်နက်ကြီးသံတွေကြားတယ်။ နောက်ပြီးလက်နက်ငယ်သံတွေလည်း ကြားလိုက်ပါတယ်။ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက် ရသေ့တောင်- ဘူးသီးတောင်ကားလမ်းမထက်မှာ ဖြစ်ပွားခဲ့တာပါ ” ဟု ထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအေးမှ ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားမှုသည် ငြိမ်းချမ်းရေးကော်မရှင်နှင့် AA ၊ TNLA ၊ MNDAA စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကတရုတ်နိုင်ငံတွင်တွေ့ဆုံမှုအပြီး ၄ ရက်မြောက်နေ့လည်း ဖြစ်သည်။