(အာဆီယံလေးနိုင်ငံကို စက်ဘီးစီးမည့် စစ်တွေမြို့မှ ဦးဝင်းမောက်)

နေရောင်မင်း(စစ်တွေ) / DMG

ဒီဇင်ဘာလ ၂၉ ၊ စစ်တွေ

(၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့နှင့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့က အသက် (၆၈) နှစ်အရွယ် ဦးဝင်းမောက် သည်  မြန်မာ-ထိုင်း-မလေး-စင်ကာပူ နိုင်ငံများသို့ ဖေဖော်ဝါရီလ ပထမပတ်အတွင်းတွင် စက်ဘီးမည် ဖြစ်သည်။

ယင်းသို့ စက်ဘီးနိုင်ရန်အတွက် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်က ကူညီထောက်ပံ့မည်ဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း လမ်းခရီးအတွက် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန် တင်ပြထားသည်ဟု ဦးဝင်းမောက်က ပြောသည်။

“ကိုယ့်ရခိုင်ပြည်နယ်နဲ့ ပြည်နယ်နေ့ကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့သွားမှာပါ။ ပြည်ထောင်စုနေ့ဆိုတာဟာ ငါတို့မြန်မာနိုင်ငံသားတွေမှာ အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ အဲဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ စက်ဘီးစီးမှာပါ။ အဲလိုသွားနိုင်ဖို့ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ကို လမ်းကြောင်းတွေအတွက် အကူအညီ တောင်းထားတယ်။ ခရီးစဉ်ကတော့ တစ်လကျော်လောက်ကြာမယ်” ဟု ဦးဝင်းမောက် ကဆိုသည်။

လက်ရှိတွင် ယင်းသို့ စက်ဘီးစီးနိုင်ရန်အတွက် စက်ဘီးစီးလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိသည်။

ဦးဝင်းမောက်သည် ပြီးခဲ့သည့် နှစ်ကလည်း (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့နှင့် သူ့ဖခင် ဦးငပြူးကို ဂုဏ်ပြု၍ ပြည်နယ်နှင့် တိုင်းဒေသကြီး(၈)ခုကို စက်ဘီးစီးခဲ့သည်။ ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက  ချီးမြှင့်သည့် ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့သည်။

သူ့ဖင်ဦးငပြူးသည်လည်း ယခင်က  မြန်မာနိုင်ငံအနှံ့ ဆီးဂိမ်း၊ ကြက်ခြေနီနေ့ စသည့်နေ့များကို ဂုဏ်ပြု၍ (၇)ကြိမ်ခန့်  စက်ဘီးစီးခဲ့သည်။  

Author: နေရောင်မင်း(စစ်တွေ)