သြဂုတ် ၁၈၊ နေဝင်းစံ

စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂညီလာခံကို ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများ၏ လူမှုဘဝအကျိုးစီးပွားကိုမြှင့်တင်ပေးနိုင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသည့် လယ်ယာမြေဆုံးရှုံးမှု၊ သိမ်းဆည်းမှုကဏ္ဍများကိုကာကွယ်ရန်နှင့် တောင်သူလယ်သမားများ ကိုယ်တိုင် ကိုယ့်ကြမ္မာကိုဖန်တီးနိုင်ရန်တို့ကို ရည်ရွယ်ပြီးပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါညီလာခံကို သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်တာကျင်းပခဲ့ပြီး တတ်သိပညာရှင်များနှင့် မြို့နယ် ၁၇ ခုမှ ကိုယ်စားပြုတောင်သူစုစုပေါင်း ၂၀၀ ကျော် တက်ရောက်ဆွေးခဲ့ကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရုံးကို မကြာမီ စစ်တွေမြို့တွင်ဖွင့်လှစ်မည်ဖြစ်ကာ အစိုးရနှင့် ဆက်စပ်လုပ်ဆောင်နိုင်ရန်အတွက်လည်း မှတ်ပုံတင်ရေးကိစ္စများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်ဇံမှပြောသည်။

ဦးကျော်ဇံက ကျွန်တော်တို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်းသော လူထုလူတန်းစားတစ်ရပ်ကို မြှင့်တင်မယ်ဆိုတော့ အစိုးရရဲ့အခန်းကဏ္ဍဟာလည်း အခရာကျတယ်။ အဓိကကျတယ်ပေါ့နော်။ ကျွန်တော်တို့ကဒီသမဂ္ဂကြီးနဲ့ အစိုးရပူးပေါင်းပြီးတော့ သွားနိုင်ဖို့လိုအပ်တယ်။ အဲလိုသွားနိုင်မှဘဲ ကျွန်တော်တို့ လယ်သမားတွေဖွံ့ဖြိုး လာမယ်လို့ယုံကြည်ပါတယ် ဟု ပြောသည်။

ယင်းအပြင် တောင်သူလယ်သမားတို့၏လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ အသိပေးနိုင်ရန်အတွက် တောင်သူလယ်သမားဂျာနယ်ကိုလည်း တစ်လတစ်ကြိမ်နှုန်းထုတ်ဝေသွားမည်ဟု သိရသည်။

၎ ရက်တာကျင်းပခဲ့သည့် တောင်သူလယ်သမားသမဂ္ဂညီလာခံမှ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ညီလာခံအား အသိအမှတ်ပြုပေးရန်လည်း တိုက်တွန်းထားသည်။

ရခိုင်အများပိုင်ကုမ္ပဏီမှ ဦးခင်မောင်ကြီးက ရခိုင်ပြည်နယ်စီးပွားရေးတွင် စွန့်စားမှုအနည်းဆုံးဖြစ်သည့် လယ်သမားများကစွန့်စားနေရကြောင်း ၎င်းညီလာခံတွင် ပြောကြားခဲ့သည်။

ဦးမောင်ကြီးက “စီးပွားရေးဆိုတာ စွန့်စားမှုတစ်ခုပါ။ အဲဒီစွန့်စားမှုကို ဒီနေ့အခြေအနေမှာ စွန့်စားမှုအနည်းဆုံး ဖြစ်တဲ့ လယ်သမားတွေက စွန့်စားနေရတယ်။ သူတို့မှာမည်သည့်အကူအညီမှမရှိဘူး။ နောက်စီးပွားရေး သမားတစ်မျိုးကတော့ အမြတ်မရရင်မလုပ်တော့ဘူး။ စီးပွားရေးသမားရဲ့သဘောသဘာဝက အမြတ် မရရင်မလုပ်ဘူး။ အမြတ်ရဖို့အတွက်ကျတော့ လယ်သမားဆီကနေဈေးအနည်းဆုံးနဲ့ဝယ်တယ်။ ဈေးအများဆုံး ရတဲ့နေရာမှာ သွားရောင်းတယ်။ ဒါဟာစီးပွားရေးသမားတွေရဲ့ မွေးရာပါအကျင့်ပါ ” ဟု ပြောသည်။

Author: နေဝင်းစံ