ခိုင်ရိုးလ။ ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၇ မှ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ချေးငွေပြန်ဆပ်သူ နောက်ကျ၍ ဇူလိုင်လအထိ တိုးမြှင့်ကာ သြဂုတ်လ ၁ ရက်နေ့မှ စပြီး ထပ်မံချေးငွေပေးသွားမည်ဟု မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရသည်။
ရခိုင်တောင်သူများ ချေးငွေပြန်ဆပ်မှု နောက်ကျခြင်းကို စောင့်ဆိုင်းကာ စာရင်းဇယားများကို စိစစ်နေ၍ ချေးငွေပေးမည့်ကာလ တစ်လတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ပြောသည်။
“ ဒီနှစ်မှာက ငွေချေးတဲ့ကာလကို မေလ ၁၇ ရက်နေ့မှ ဇွန်လကုန်မှာ အပြီးချေးရမယ်လို့ မူလကနေ လမ်းညွှန်ထားပါတယ်။ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ပိုက်ဆံချေးတဲ့ကာလဟာ မေလကနေပြီး စက်တင်ဘာလထိဖြစ်ပါတယ်။ ဒီနှစ်မှာပဲ ထူးထူးခြားခြား တစ်လခွဲအတွင်းမှာ ပြီးအောင်ချေးရမယ်ဆိုတဲ့ အနေထားကျတော့ လက်တွေ့မှာ တောင်သူတွေ ပိုက်ဆံပေးဆပ်မှု နောက်ကျနေတဲ့အတွက် သူတို့ကို ခေါ်ယူစစ်ဆေးရတာလည်းရှိတယ်။ နောက်ပြီးတော့ ဆက်စပ်ဌာနတွေ့နဲ့ စာရင်းဇယားတွေ စစ်ဆေးရတာတွေ ရှိတဲ့အတွက် ကျွန်တော်တို့ ပိုက်ဆံချေးတဲ့အခါမှာ အချိန်ကာလ နှောင့်နှေးမှုတွေရှိတဲ့အတွက် ၅၀% ခန့်သာ ထုတ်ချေးလို့ရခဲ့တယ်။ အဲဒါကို အထက်လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ဇူလိုင်လတစ်လကို ချေးငွေထပ်တိုးပေးတာဖြစ်ပါတယ်။ ” ဟု ပြောသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း လယ်သမားများအတွက် ချေးငွေ ၉၀ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကာ လက်ရှိအချိန်အတွင်း လယ်သမား ၁ သိန်း ၆ သောင်းအတွက် ငွေကျပ်ဘီလီယံ ၇၀ ကျော်ထိ ထုတ်ချေးထားပြီးဖြစ်ကြောင်း ဦးအေးသိန်းက ပြောသည်။
ယင်းအပြင် လွန်ခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွက် ချေးငွေ ၈၆ ဘီလီယံထုတ်ချေးပေးခဲ့ပြီး ၇၆ ဘီလီယံသာ ပြန်ဆပ်သေးကြောင်း ဦးအေးသိန်းက ပြောသည်။
“ ပြီးခဲ့တဲ့နှစ်က အကြွေးကိုကောက်တဲ့အခါမှာ ၈၆ ဘီလီယံ ထုတ်ချေးထားနေရာမှာ အခုချိန်ထိ ၇၆ ဘီလီယံသာ ကောက်ခံရရှိထားပြီးတော့ နောက်ထပ် ၉ ဒသမ ၇၈ ဘီလီယံကျန်ရှိနေသေးတယ်။ ရာခိုင်နှုန်းအားဖြင့် ၈၈ ဒသမ ၆၄ ရာခိုင်နှုန်းကောက်ခံရရှိပြီဖြစ်ပါတယ်။ ကျန်တဲ့ငွေတွေကိုလည်း စည်းရုံးရင်းနဲ့ ကောက်ခံလျှက်ရှိပါတယ်။ ” ဟု ပြောသည်။
အဆိုပါချေးငွေများကို ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးချင်းစီ၏ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ၇ မူရင်းကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှာ အပ်နှံထားခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ လယ်သမားများသည် စိုက်ပျိုးသီးနှံမအောင်မြင်ခြင်း၊ ရောင်းချရန် စပါးဈေးကွက်မရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း စသောအခက်ခဲမျိုးမြောက်မြားစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။




