
ခိုင်ရိုးလ။ ဇူလိုင်လ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ ။ နိုဝင်ဘာလတွင် ကျင်းပတော့မည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် ကျင်းပသည့်အခါ ပါတီစွဲ၊ ဒေသစွဲမထားဘဲ ရိုးသားသည့် ရွေးကောက်ပွဲဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်သည် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များတို့ကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံရာမှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ရွေးကောက်ပွဲကိစ္စမှာ လွှတ်တော်ကိစ္စမှာ အများမြင်သာတဲ့ရွေးကောက်ပွဲ ပြည်သူတွေရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပွင့်လင်းမြင်သာစွာနဲ့ လုပ်ကိုင်ပေးကြပါ။ အဲလိုလုပ်တဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ စိတ်ထားကတော့ ဖြူစင်ဖို့လိုပါတယ်၊ အဂတိကင်းစွာနဲ့ ရိုးသားဖို့လိုပါတယ်။ ကျွန်တော်တို့ ထိန်းကျောင်းရတာက လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီအသီးသီးကို ထိန်းကျောင်းရတာဖြစ်တဲ့အတွက် ဘယ်ဘက်မှဘက်မလိုက်ဘဲ ဒေသစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲလည်းမရှိတဲ့ စိတ်ကိုမွေးထားပေးပါ။ ” ဟု ၄င်းက ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအပြင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ အဖွဲ့ဝင် ၃၀ ကျော်တို့က လာမည့်ရွေးကောက်ပွဲ၌ လိုအပ်သည့် လုပ်ငန်းများကို တင်ပြပြောဆို ဆွေးနွေးပြောခဲ့ကြသည်။
ရသေ့တောင်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည့်အတွက် နယ်မြေလုံခြုံရေးကို အဓိကထား တိုးမြှင့်ပေးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမောင်သိန်းဖြူက ပြောသည်။
“ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရသေ့တောင် မဲဆန္ဒနယ်မှာ မဲရုံပေါင်း ၈၆ ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိတဲ့ လူဦးရေ ငါးသောင်းကျော်၊ ၅၁၄၆၉ ဦး ရှိတယ်လို့သိရပါတယ်။ အဲဒီရသေ့တောင်ရယ် မောင်တောနယ်မြေဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပဋိက္ခဖြစ်ပွားခဲ့တဲ့ နယ်မြေဖြစ်တာကြောင့် မဲပေးတဲ့ကာလတွေမှာ လုံခြုံရေးကို အဓိကထားစေချင်ပါတယ် ” ဟု ပြောသည်။
လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လစ်လပ်နေသော ရသေ့တောင်မဲဆန္ဒနယ်အတွက် အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီ ANP မှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ALD မှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD မှ ဦးခင်သန်းမောင်နှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းတို့ဖြစ်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ သိရသည်။




