
(ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတစ်ခုအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)
ငွေကြေးအခက်အခဲနှင့် နည်းပညာများ အခက်အခဲတို့ကို ရင်ဆိုင်နေရသော ရခိုင်ပြည်နယ်က မီဒီယာများ ဖွံ့ဖြိုးတိုးတက်လာစေရန် လွှတ်တော်မှာ အဆိုတင်သွင်းဆွေးနွေးမည်ဟု ရသေ့တောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က မနေ့က ပြောဆိုလိုက်သည်။
သြဂုတ်လ ၁၉ ရက်နေ့က စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် ပြုလုပ်သော အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် သတင်းသမားတို့ နှီးနှောဖလှယ်ပွဲတွင် ရသေ့တောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရခိုင်မီဒီယာတွေဟာ ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက်၊ အမျိုးသားရေးအတွက် အလုပ်လုပ်နေကြတာကို ကျနော် သိပါတယ်။ ရခိုင်မီဒီယာတွေကို ကြည့်လိုက်တာနဲ့ အခက်အခဲတွေ အများကြီးရှိနေတာကို တွေ့ရတယ်။ ကျနော် ရခိုင်မီဒီယာတွေ ဖွံ့ဖြိုးလာဖို့ လွှတ်တော်မှာ ဆွေးနွေးပါမယ်။ လွှတ်တော် ဥက္ကဌနဲ့ တိုင်ပင်ပြီး ဆွေးနွေးသွားပါမယ်လို့ ပြောချင်ပါတယ်။ ” ဟု ဦးသန်းနိုင်ကဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group (DMG) ၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှ တင်ပြဆွေးနွေးသော ရခိုင်မီဒီယာများ အစိုးရထံမှ ငွေကြေးရယူမည်ကို အခက်အခဲရှိသည့်အတွက် အဆောက်အဦးသို့မဟုတ် ရုပ်သံပိုင်းဘက်သို့ ဖွံ့ဖြိုးတိုးတက်လာရန် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကူညီသင့်ကြောင်း ပြောကြားချက်ကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က တုန့်ပြန်ပြောဆို ကတိပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ် ဦးမင်းအောင်က ရခိုင်မီဒီယာများအနေဖြင့် ငွေကြေးအခက်အခဲပဲဖြစ်ဖြစ်၊ အဆောက်အဦးအတွက် မြေနေရာပဲဖြစ်ဖြစ် အခြားအခက်အခဲများကို ပြည်နယ်အစိုးရအဖွဲ့ထံ စာတင် တောင်းဆိုနိုင်ပြီး ပြည်နယ်အစိုးရအနေဖြင့်လည်း ရခိုင်မီဒီယာများ ဖွံ့ဖြိုးတိုးတက်လာရေးကို ကူညီဖို့ဆန္ဒရှိနေကြောင်း မနေ့က နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တစ်ခုအဖြစ် သမိုင်းဝင်ထားပြီး လိုအပ်ချက်များစွာကို ရေးသားဖော်ထုတ်ရန် မီဒီယာများမှာအလွန်အရေးပါကြောင်း သိရသည်။ ရခိုင်မီဒီယာများ၏ အဓိက အခက်အခဲမှာ ငွေကြေးကို အခြေခံကြောင်း၊ သတင်းသမား ၅ ဦးနှင့် ရုံးအဆောက်အဦးအတွက်ဆိုလျှင် သိန်း ၂၀ ကျော် အထက်ကို လိုအပ်ကြောင်း၊ ယင်းအခဲကို ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ပြည်နယ် လွှတ်တော်တို့က ကူညီပေးသင့်ကြောင်း နိရဉ္စရာ သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပြောကြားခဲ့သည်။




