မောင်တော အကြမ်းဖက်မှု နှိမ်နင်းရေး ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသည့် ခမရ (၅၆၄) က ဗိုလ်မှူး ရဲဇေယျာ၊ တပ်သား သိန်းနိုင် ပါဝင်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ - Facebook စာမျက်နှာမှကူးယူသည်)

သြဂုတ်လ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။    ။   သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို ကာကွယ်တားဆီး တိုက်ဖျက်ရန် နိုင်ငံတော်မှ မည်သို့လုပ်ဆောင်နေသည်ကို သိလိုကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်ပြီး ဦးဦးထွန်းဝင်းအား DMG မှ ဆက်သွယ်မေးမြန်းရာ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြန့်နှံ့မှုမှာ လက်လီလက်ကား ရောင်းချမှုစနစ်ဖြင့် တစ်ပြည်နယ်လုံးဖြစ်နေပြီး ဌာနဆိုင်ရာတချို့နှင့်လည်း ပတ်သက်ဆက်နွယ်နေကြောင်း ၄င်းမေးခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပါဝင်နေတယ်။ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတယ်။ အဂတိလိုက်စား တာတွေ၊ လင့်တွေရှိနေတဲ့အတွက် ဒီလိုမျိုးဖြစ်နေတယ်ဆိုတာကို ဒေသခံတွေဘက်ကလည်း အသံတွေ ကျယ်ကျယ်လောင်လောင် ဖြစ်နေတယ်ဆိုတာကိုပါ ကျနော် ကောင်တာမေးခွန်း မေးမြန်းခဲ့ပါတယ်။ ဌာနဆိုင်ရာတွေကိုလည်း ထိန်းကျောင်းပေးဖို့ ပြောကြားခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောဘက်မှာ အရာရှိတစ်ယောက် စီးလာတဲ့ ပါကျဲရိုးကားမှာ သိန်းရှစ်ထောင်ကျော် WY ဆေးပြားတွေ ဖမ်းမိတဲ့ ကိစ္စတွေ၊ မောင်တောနယ်ခြားစောင့် ဂိတ်မှာ သိန်းနဲ့ချီ ဖမ်းဆီးရမိတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်။  ” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါးများကို ထိထိရောက်ရောက်ဖြေရှင်းမပေးနိုင်ခြင်းမှာ သက်ဆိုင်ရာဌာနဆိုင်ရာတချို့က ပါဝင်ပတ်သက်နေကြောင်း ဖြစ်သည်ကိုတွေ့ရကြောင်း၊ ဘယ်ဌာနဆိုင်ရာဆိုသည်ကို ချပြရန် မူးယစ်ဆေးဝါးလမ်းကြောင်းက ရှူပ်ထွေးသည့်အတွက် တိတိကျကျ ချပြပေးဖို့ အခက်အခဲရှိကြောင်း ၄င်းကဆိုသည်။ 

၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့က မောင်တော ၃ မိုင် စစ်ဆေးဂိတ်ရေးတွင် ကျပ်သိန်း ၈၈၀၀ ခန့် တန်ဖိုးရှိသည့် WY ဆေးပြား ၄၄၀၀၀၀ နီးပါးကို ဖမ်းဆီးရမိပြီး ယင်းဆေးပြားသယ်ဆောင်လာသူထဲတွင် မောင်တော အကြမ်းဖက်မှု နှိမ်နင်းရေး ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသည့် ခမရ (၅၆၄) က ဗိုလ်မှူး ရဲဇေယျာ၊ တပ်သား သိန်းနိုင် ပါဝင်နေသည်ကို တွေ့ရကြောင်း ရခိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် ကျရောက်လာမှုကို နိုင်ငံတော်အစိုးရမှ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကဏ္ဍပေါင်းစုံမှ ထိထိရောက်ရောက် တားဆီးကာကွယ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဖော်ထုတ် ဖမ်းဆီးရေးကို အချိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၏ ပြန်လည်ဖြေကြားချက်မှာ ယေဘူယျဆန်လွန်းပြီး အားရကျေနပ်မှုမရှိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို အထူးစီမံချက်အဖြစ် စစ်ဆင်ရေးနှစ်ခုကို ဆောင်ရွက်ခဲ့ပြီး၊ ဓညဝတီစစ်ဆင်ရေး ကို ၁-၉-၂၀၁၅ ရက်မှ ၆-၁၀-၂၀၁၅ ရက်အထိ ဆောင်ရွက်ခဲ့ကာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၆ မှု၊ တရားခံ ၂၇ ဦး၊ မေယုစစ်ဆင်ရေးကို ၁-၂-၂၀၁၇ ရက်မှ ၂၈-၂-၂၀၁၇ ရက်အထိ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေး ဝါးဖမ်းဆီးရမိမှု ၁၇ မှု၊ တရားခံ ၁၇ ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀၈,၇၃၇ ပြား၊ ဆေးခြောက် ၄၀.၅၂,၂၁၄ ကီလို အားဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ဒုတိယ၀န်ကြီးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၃၂၅ မှု၊ တရားခံ ၄၈၆ ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉.၆၇ သန်းကျော်၊ ဆေးခြောက်အလေးချိန် ၇၆.၄၀၁၆၅ ကီလို၊ စိတ်ကြွဆေးကြေမှုန့် ၀.၄၆၀၆ ကီလို၊ ဗျူပရီနော်ဖင်း ထိုးဆေး ၅,၄၁၆ ပုလင်း၊ အယ်ပရာဇိုလမ် ဆေးပြား ၆,၀၀၀ ပြား၊ မော်ဖင်းထိုးဆေး ၁၇၇ ပုလင်းနှင့် Fentanyl ထိုးဆေး ၇၀၀ ပုလင်းတို့ကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

Author: နေရောင်မင်း(စစ်တွေ)