နိုဝင်ဘာ ၁ ရက်၊ ၂၀၁၇ ခုနှစ်။    ။   ရခိုင်ပြည်နယ်အတွင်း လက်ရှိလုပ်ကိုင်နေသည့် အကြီးစားရင်းနှီးမြုပ်နှံမှု စီမံကိန်းများဖြစ်သော သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိ ကမ်းလွန်လုပ်ကွက်(A6) နှင့် (AD7) အပါဝင်တစ်ခြား ရေနံနှင့် တစ်ခြား သဘာဝဓာတ်ငွေ့တူးဖေါ်နေသည့် လုပ်ငန်းများနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ငန်းများကို ရပ်ဆိုင်းထားရန် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့က သဘောထားထုတ်ပြန် တောင်းဆိုသည်။

 

လက်ရှိမတည်ငြိမ်သည့် ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ် မချုပ်သေးရသည့်အချိန်တွင် ရပ်ဆိုင်းထားရန် တောင်းဆိုခြင်းဖြစ်ကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ  ပြောရေးဆိုခွင့်ရှိသူ ဒေါ်ညိုအေးက ပြောသည်။

 

“ ရခိုင်ပြည်တည်ငြိမ်အေးချမ်းမှုမရှိသေးတဲ့အချိန် လုပ်နေဆဲဖြစ်တဲ့ သယံဇာတနဲ့ ဆိုင်တဲ့လုပ်ငန်းတွေ၊ နောက် SEZ နဲ့ဆိုင်တဲ့ကိစ္စတွေကို အားလုံးပွင့်လင့်မြင့်သာအောင်ချပြဖို့နဲ့ ရေနံတူးဖေါ်ရေးလုပ်ငန်းတွေဖြစ်တဲ့ တူးဖေါ်ဆဲ လုပ်ငန်းတွေနဲ့ တွေ့ရှိထားတဲ့လုပ်ကွက်တွေကိုပါ ရပ်ထားဖို့အတွက်တောင်းဆိုတာဖြစ်တယ်။ ” ဟု ပြောသည်။

 

၎င်းအပြင် ရခိုင်ပြည်နယ်ရှိ ကျေးလက်မြို့ပြမကျန် (ရခိုင်တစ်ပြည်နယ်လုံး) ပြည်မဈေးနှုန်းနှင့်တစ်ပြေးညီ လျှပ်စစ်မီး ၂၄ နာရီရရှိရေးနှင့် ရခိုင့်သယံဇာတသည် ရခိုင့်လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်လာစေရန် ရခိုင် ပြည်သူလူထုရွှေးချယ်သော ရခိုင်ပြည်နယ်အစိုးရက တိုက်ရိုက်ကိုယ်တိုင်စီမံပိုင်ခွင့်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိစေရန်လည်း တောင်းဆိုထားသည်။