(မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားသော ပုဏ္ဏားကျွန်းမြို့က စာသင်ကျောင်းတစ်ကျောင်း။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)

မေလ ၃၀  ရက်၊ ၂၀၁၇ ခုနှစ်၊  စစ်တွေ (DMG)  ၊၊     ၊၊   ရခိုင်ပြည်နယ် မြို့နယ် ၁၂ မြို့နယ်ခန့်မှာ ဆိုင်ကလုံးမုန်တိုင်း မိုရာကြောင့် အဆောက်အဦးတချို့နှင့် စာသင်ကျောင်းများ အပျက်အစီးတချို့ရှိသော်လည်း ဇွန်တစ်ရက်နေ့ မြို့နယ်တိုင်းမှာ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG သို့ ပြောကြားသည်။

“ စာသင်ကျောင်းတွေ အားလုံးဖွင့်လှစ်နိုင်မှာပါ။ ကြိုးစားနေပါတယ်။ ဒီနေ့လည်း မြို့နယ်ပညာရေးမှူးတွေကို ခေါ်ပြီးတော့ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြင်ဖို့ ပြောလိုက်ပါပြီ။ စာသင်ကျောင်းတွေကလည်း ခေါင်မိုးတွေ လန်သွားတာပါ။ အဆောက်အဦးတစ်ခုလုံး လုံးဝပျက်စီးသွားတာမျိုးမရှိဘူး။ ” ဟု ပြောသည်။

မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားသော စာသင်ကျောင်းစာရင်းကို ယခုအချိန်မှာ အတိအကျမရသေးကြောင်း၊ နောက် ၂ ရက်မှ ရမည်ဖြစ်ကြောင်း၊ ယခုပျက်စီးသွားသော စာသင်ကျောင်းများကို ပြည်နယ်ပညာရေးဌာန၏ ဘတ်ဂျက်ဖြင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက ပြည်နယ်အစိုးရသို့ တင်ပြမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ဆိုသည်။

မေလ ၂၉ ရက် ညနေ ၆ နာရီကနေ မနက် မိုင်းလင်းတဲ့အထိ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုရာမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး  ဘင်္ဂလားဒေ့်ခ်ျနိုင်ငံ ကော့ဘဇားမြို့ဘက်သို့ ဝင်ရောက်သွားခြင်းဖြစ်သည်။

အဆိုပါ မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၂ ခုမှာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် အခြားအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးလည်း ပျက်တောက်သွားခဲ့သည်။

Author: နေရောင်မင်း(စစ်တွေ)