(ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီးရမိသော ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများ)

ဇူလိုင်လ ၆ ရက်၊ ၂၀၁၈ ခုနှစ် / DMG ။      ။ ရခိုင်ပြည်နယ်မှာ နှစ်ရက်အတွင်း ငွေကျပ်သိန်း ၃၂၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားအရေအတွက် ၁၆ သိန်းကျော်ကို နယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက်က အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဘူးသီးတောင်မြို့နယ် လိုင်ရှည်ပြင်ကျေးရွာကိုဝင်သည့် ချောင်းကွေ့စပ်အနီး လူမပါဘဲ ဆိုက်ကပ်ထားသော လှေတစ်စီးကို မသင်္ကာ၍စစ်ဆေးရာ အဝါရောင်ပီနံအိတ်ဖြင့် ထုတ်ပိုးထားသည့် ငွေကျပ်သိန်း ၃၁၉၈၀ တန်းဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားအရေအတွက် ၁၅၉၉၀၀၀ ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်ကလည်း နတ်မြစ်အတွင်း ဦးစောလှကျွန်းအနီး ဘင်္ဂလာဖက်သို့ လှော်ခတ်နေသည့် လှေတစ်စီးအား မသင်္ကာ၍ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ပလက်စတစ်အိတ်အမဲဖြင့် ထုတ်ပိုးထားသည့် ငွေကျပ် ၅၈၅ သိန်းတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားအရေအတွက် ၂၉၂၅၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အချက်အလက်အရ သိရသည်။ 

အဆိုပါ လှေကို လှော်ခတ်သည့် အမျိုးသားမှာ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ခေါ်ယူသည့်အချိန်တွင် လှေပေါ်မှခုန်းဆင်းကာ ထွက်ပြေးသွားကြောင်း လှေကိုသွားရောက် စစ်ဆေးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်သို့ ကုန်လမ်း၊ ရေလမ်းမှတစ်ဆင့် မူးယစ်ဆေးဝါးများ ရောက်ရှိလာပြီး ပြည်နယ်အတွင်းမှာလည်း ဖြန့်သလို၊ ဘင်္ဂလားဒေ့ရှ်နိုင်သို့လည်း တင်ပို့နေကြခြင်းဖြစ်သည်။ 

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို သိရှိပါက သတင်းပေးနိုင်ကြောင်း ရခိုင်ပြည်နယ်ရဲ့တပ်ဖွဲ့က ပြောထားသော်လည်း သတင်းရရှိသူ ပြည်သူတချို့က လုံခြုံရေးအာမခံချက်မရှိ၍ သတင်းမပေးရဲကြောင်း စစ်တွေမြို့မိမြို့ဖတစ်ဦးက DMG သို့ ပြောထားသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တတ်နိုင်သမျှ ဖမ်းဆီးနေပြီး အသိပညာပေးဟောပြောပွဲများကိုလည်း စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် ပြုလုပ်ပေးလျှက်ရှိသည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများမှာ ရန်ကုန်ကနေတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတချို့ ပါဝင်ပတ်သက်နေကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက DMG ၏ မေးမြန်းခြင်းတစ်ခုမှာ ပြောဆိုထားသည်

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့အထိ စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီးရမိထားပြီး ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအရေအတွက်သည် ယခုနှစ်အတွင်း ပမာဏအများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ အချက်အလက်အရ သိရသည်။

Author: ချလူးအောင်