(နည်းပညာ အခက်အခဲဖြင့် ရခိုင်းရိုးရာရက္ကန်းပြုလုပ်နေသော ရခိုင်အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ ဓါတ်ပုံ - နေဝင်းစံ/DMG)

ခိုင်ရိုးလ။ ဇူလိုင် ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ရခိုင်ပြည်နယ်အတွင်း ရိုးရာလက်ရက္ကန်းအပြင် စက်ရက္ကန်းလုပ်ငန်း ဖွံဖြိုးတိုးတက်ရန်အတွက် နည်းပညာများလိုအပ်နေ၍ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရကြောင်း ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများ ထံမှသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ကန်းလုပ်ကိုင်သူများသည် စိန်ခေါ်မှုပေါင်း အခက်ခဲမြောက်မြားစွာဖြင့် ရင်ဆိုင်နေရပြီး မိရိုးဖလာရိုးရာအထည်များ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်း ပစ္စည်းများကို ပြည်မမှဝယ်ယူရကြောင်းနှင့် ချည်ကို ကိုယ်တိုင်ဆေးဆိုးတတ်ရန် နည်းပညာများ လိုအပ်နေကြောင်း စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာရှိ ရွှေကျားရက္ကန်းစက်ရုံပိုင်ရှင် ဒေါ်မအေးက ပြောသည်။

 ကျွန်မတို့ ရခိုင်ဆီမှာ ရက္ကန်းလုပ်ငန်းအတွက် စိန်ခေါ်မှုပေါင်းမြောက်မြားစွာကို ကျော်ဖြတ်ပြီးနေရတာပါ။  ဒီရက္ကန်းကို မိရိုးဖလာ အိမ်အောက်မှာပဲ ကိုယ့်စင်လေးတွေနဲ့ တပိုင်တနိုင်လုပ်လာရာကနေ ဈေးကွက်ပေါက်အောင် လုပ်တဲ့အခါကျတော့ တတ်တဲ့ဆရာတွေကို ခေါ်သင်ရပါတယ်။ နောက်ဆုံး လိုအပ်တဲ့ ပစ္စည်းမှန်သမျှကို အထက်ဗမာပြည် ရွှေဘို၊ ဆိပ်ခွန်က မှာယူသုံးစွဲရတယ်။ ရခိုင်ပြည်မှာ ဒီရက္ကန်းပစ္စည်းရောင်း မရှိဘူးလေ။ နောက်ပိုင်းကျတော့ ကျွန်မတို့မှာ အထည်ရက်လုပ်ဖို့အတွက် ချည်ကို ကိုယ်တိုင်ဆေးဆိုးတတ်ဖို့ နည်းပညာတွေနဲ့ တခြားနည်းပညာတွေိုအပ်နေပါတယ်။ ” ဟု ပြောသည်။

ရွှေကျားရက္ကန်းစက်ရုံသည် ရခိုင်ပြည်နယ်မှာ တစ်ခုတည်းသာရှိသော ရိုးရာရက္ကန်းစက်ရုံဖြစ်ပြီး ရက္ကန်းစင် ၁၀၀ ကျော်ဖြင့် လည်ပတ်လျှက်ရှိပြီး ရခိုင်အဝတ်အထည်ဖြစ်သော ပိုးထည်၊ ချည်ထည်တို့ကို အိန္ဒိယချည်အမျိုးစားဖြင့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ်အထည်များပါ အရည်သွေးမီအောင် ရက်လုပ်ရောင်းချလျှက်ရှိကြောင်း သိရသည်။

ဒီစက်ရုံမှာ စက်ရက္ကန်းရော လက်ရက္ကန်းပါအိန္ဒိယချည်စစ်စစ်နဲ့ထုတ်ပါတယ်။ ပုဆိုးဆိုလို့ရှိရင် အောက်ဆုံး ၆၅၀၀ ကျပ်နဲ့ ထမိန်ဆိုလို့ရှိရင် သောင်း ထောင်ကျော်ကနေ ပိုးထည်ဆိုရင်  ပုဝါရော၊ ပိုးထည်စရောအစုံ သိန်းထိရောင်းဈေးတွေလည်းရှိပါတယ်။ ကွာလတီတအားကောင်းပါတယ်။ အထည်နာမည်တွေကတော့ ပုဏ္ဏမီ၊ ခိုင်မာလာနှင်းဆီ၊ မာယာဒေဝီ၊ မာယာထောင်ချောက်စတဲ့ ချိတ်ထမိန်ကတော့ နာမည်ကြီးပါတယ် ဟု ဒေါ်မအေးက ပြောသည်။

လက်ရှိ ရခိုင်ရက္ကန်းအထည်များကို ရခိုင်ပြည်နယ်အနှံ့ ရောင်းချနေရပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မင်းပြားမြို့နယ်များမှ ဝယ်ယူမှုအားကောင်းနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရိုးရာရက္ကန်းလုပ်ငန်းများသည် တဖြည်းဖြည်းပျောက်ကွယ်လာနေပြီး လက်ရှိအချိန်တွင် စစ်တွေမြို့နယ် ဝါဘို၊ ကျားမသောက်၊ တောကံ၊ ဂန့်ဂေါ်ကျွန်း၊ သိန်းတန် စသောကျေးရွာများတွင် အနည်းငယ်ခန့် တပိုင်တနိုင်လုပ်ကိုင်လျှက် ကျန်ရှိကြောင်း သိရသည်။

(နည်းပညာ အခက်အခဲဖြင့် ရခိုင်းရိုးရာရက္ကန်းပြုလုပ်နေသော ရခိုင်အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ ဓါတ်ပုံ - နေဝင်းစံ/DMG)