(ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ယနေ့တွေ့ဆုံ။ ဓါတ်ပုံ - ပျံလွှား/DMG)
မေလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ လာမည့် ဒီဇင်ဘာလတွင် တောင်ကုတ်မြို့၌ကျင်းပမည့် ရခိုင်လူငယ်ညီလာခံကြီးတွင် ဆွေးနွေးသွားမည့် လူငယ်များ ကိုယ်ပိုင်စီမံခန့်ခွဲမှူရေးနှင့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး အချက်တို့သည် ပြည်နယ်အဆင့်ဖြင့် မရနိုင်ဘဲ ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ချက် ချမှသာ ရနိုင်မည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
ယနေ့ (မေလ ၁၅ ရက်) နံနက် ၁၁ နာရီအချိန်တွင် ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ၅ ဦးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ တွေ့ဆုံကြရာ ဝန်ကြီးချုပ် ဦးပုက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ ကိုယ့်ပြည်နယ်မှာ ကိုယ့်ရဲ့ဒီစီမံခန့်ခွဲမှူ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ဒါမျိုးတွေဆိုရင် ပြည်ထောင်စုအဆင့်၊ နောက်တစ်ခါ ဥပဒေပိုင်းပေါ့။ ဒါမျိုးတွေပါဝင်လာတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားလောက်တော့ လုပ်လို့ရမယ်ပေါ့လေ။ တကယ့် အဆုံးအဖြတ်ပေးရမယ့် အနေအထားဆိုတော့ နိုင်ငံတော်အဆင့်မှာသာ ဆုံးဖြတ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုနက မူဝါဒတွေ၊ ရည်ရွယ်ချက်တွေကို ကျနော်တို့ အနေနဲ့ လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ ” ဟု ပြောသည်။
လူငယ်ညီလာခံ၏ ရည်ရွယ်ချက်များ ကောင်းကြောင်း၊ အားလုံးကို အကောင်အထည်ဖော်နိုင်ပါက ပိုကောင်းပြီး အစိုးရအဖွဲ့လည်း ပူးပေါင်းဆောင်ရွက်ရသည်မှာ ပိုပြီးအဆင်ပြေကြောင်း၊ သို့သော်လည်း လုပ်ကိုင်ဆောင်ရွက်သည့်နေရာမှာ လူငယ်များ တာဝန်ယူရမည့် အပိုင်းရှိသလို၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအဆင့် အသီးသီးလုပ်ရမည့် အပိုင်းလည်းရှိကြောင်း ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။
ရခိုင်လူငယ်ညီလာခံနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် စိုးရိမ်မှူကို တွေ့ရကြောင်း၊ ရခိုင်လူငယ်များမှ ပြည်နယ်အစိုးရကို ထားခဲ့သည်မဟုတ်ဘဲ လက်တွဲခေါ်ယူခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်သည် မဖောင်သည် ရခိုင်လူငယ်များအနေဖြင့် လုပ်ကိုလုပ်မည်ဖြစ်ကြောင်း၊ တရားဝင်ဖြစ်အောင်ဆိုပြီး ပြည်သူတို့၏ သဘောထား မည်ကဲ့သို့ရှိသည်ကို အသိပေးအဆင့်သာဖြစ်ကြောင်း၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် မရလျှင် တစ်ခုခု၏ ထိန်းချုပ်မှူအောက်တွင် ရှိနေသည်ကို အဓိပ္ဗါယ်သက်ရောက်ကြောင်း၊ မိမိကိုယ်ကိုတော့ စစ်အာဏာရှင်လား၊ ဒီမိုကရေစီအာဏာရှင်လည်း ဆိုသည်ကို သုံးသပ်ရမည်ဟု မြင်မိကြောင်း ရခိုင်လူငယ်ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကော်မတီဝင် ကိုကျော်မင်းခိုင်က DMG သို့ ပြောကြားခဲ့သည်။
ရခိုင်လူငယ်အကြိုညီလာခံကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မာန်အောင်မြို့တွင် ကျင်းပခဲ့ပြီး အကြိုညီလာခံမှ ရခိုင်လူငယ်ညီလာခံကြီးကို တောင်ကုတ်မြို့္ဗ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ဆုံးဖြတ်ကြသည်။
ယင်းညီလာခံကြီးတွင် လွတ်လပ်၍ အားကောင်းသော ရခိုင်လူငယ်အစုအဖွဲ့တစ်ရပ် ခိုင်မာစွာပေါ်ထွန်းလာစေရန်။ ရခိုင်လူငယ်များ စွမ်းရည်မြင့်မားလာပြီး ကဣအသီးသီးတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်။ ရခိုင်အပါအဝင် ဘဝတူတိုင်းရင်းသားတို့၏ မူလရပိုင်ခွင့် အခွင့်အရေးများ ရရှိလာရန် အခြားသော တိုင်းရင်းသားများနှင့် ချိတ်ဆက်ဆောင်ရွက်လာနိုင်စေရန်။ တို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။




