(တောင်ကုတ်မြို့တွင် မေလ ၁ ရက်ကနေ ၅ ရက်နေ့အထိ ငါးရက်ကြာကျင်းပခဲ့သည့် ရခိုင်လူငယ်ညီလာခံအားတွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

ခင်သရဖီဦး။ မေလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ရခိုင်လူငယ်ထုတစ်ရပ်လုံးနှင့် ပတ်သက်ပြီး မည်သည့်ကိစ္စမဆို မူဝါဒများရေးဆွဲပါက ရခိုင်လူငယ်ထုကိုယ်တိုင် ရေးဆွဲပြဌာန်းမည်ဟု ရခိုင်လူငယ်ညီလာခံမှ မေလ ၉ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။

အစိုးရဘဲဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းများပဲ ဖြစ်ဖြစ် ရခိုင်လူငယ်ထုကို ကိုယ်စားပြုသော မူဝါဒများ ရေးဆွဲပါက ဆုံးချက်ချမှတ်အခါ လူငယ်များ ပါဝင်ရမည်ဟု ရခိုင်လူငယ်ညီလာခံ (AYC) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ကိုမျိုးဆန်းအောင်က ပြောသည်။

“ ရခိုင်လူငယ်ထုနှင့် ပတ်သတ်မှုရှိတဲ့ ဘယ်ကိစ္စမျိုးမဆို ဥပမာ နိုင်ငံရေး၊ စီပွားရေး၊ လူမူရေး၊ ဘာသာရေး အားလုံးကိစ္စရပ်တွေဟာ ရခိုင်လူငယ်ထုနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတယ်ဆိုရင် မူဝါဒတွေကို အစိုးရပဲဖြစ်ဖြစ်၊ အခြားဘယ်အဖွဲ့စည်းပဲဖြစ်ဖြစ်၊ စီးပွားရေးအဖွဲ့စည်းကပဲဖြစ်ဖြစ်၊ CSO ဖြစ်ဖြစ်၊ မီဒီယာတွေကဖြစ်ဖြစ် ချမှတ်မယ်ဆိုလို့ရှိရင် ရခိုင်လူငယ်ထုကို အမှန်တကယ်ကိုယ်စားပြုနိုင်တဲ့ အသံဖြစ်ဖို့လိုပါတယ်။ အဲဒီလိုမျိုးနေရာမှာ ရခိုင်လူငယ်တွေကနေပြီးတော့ တကယ်ဆုံးဖြတ်ချက်ပေးတယ်နေရာမှာ လူငယ်တွေ ပါဝင်ရမယ်။ ” ဟု ပြောသည်။

ရခိုင်လူငယ်ထု၏ မူဝါဒများကို ရခိုင်လူငယ်ကိုယ်ရေးဆွဲ ပြဌာန်းမည်မှာ AYC ၏ အခြေခံမူ လေးချက်ထဲက တစ်ချက်ဖြစ်ကြောင်း၊ အခြားအချက်များမှာ မြို့နယ်တိုင်းတွင် Youth Centre များဖွင့်လှစ်ရန်၊ AYC ကို သုံးနှစ်တစ်ကြိမ်ကျင်းပရန်၊ ရခိုင်လူငယ်ဟူသော အသက်အပိုင်းအခြားကို ၁၈ နှစ်မှ ၃၅ အထိ သတ်မှတ်ရန် တို့ဖြစ်သည်။

ညီလာခံအတွင်း ဆွေးနွေးခဲ့သည့် ကဏ္ဍကြီးလေးခုဖြစ်သော နိုင်ငံရေးဆိုင်ရာ မူဝါဒ (၄)  ရပ်၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ မူဝါဒ (၃) ရပ်၊ ပညာရေးဆိုင်ရာမူဝါဒ (၁၅) ရပ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒ (၂)ရပ် တို့ကို ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ညီလာခံမှ ချမှတ်လိုက်သော ကဏ္ဍဆိုင်ရာ မူဝါဒများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ် တစ်ဦးစီရွေးချယ်ခဲ့ပြီး “လူငယ်မူဝါဒ အကောင်ထည် ဖော်ဆောင်ရေးနှင့် ညီလာခံဖြစ်မြောက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ကြသည်။