
ခိုင်ရိုးလ။ ဇူလိုင် ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်သင့်သည့်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဝင်မပြိုင်ခြင်း ဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာ စန်းရွှေက ပြောသည်။
“ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအနေနဲ့ တိုင်းရင်းသားများရဲ့အရေးကို ဦးစားပေးရမယ်။ ရခိုင်ပြည်နယ်အစိုးရဟာ ရခိုင်တိုင်းရင်းသားများရဲ့ လွှတ်တော်၊ အစိုးရဖြစ်ရမယ် ဆိုပြီးတော့ ခံယူထားတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်မှာ လစ်လပ်တဲ့နေရာအတွက် ရခိုင်ပါတီကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ဖြစ်သင့်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စုပါတီတစ်ခု အနေနဲ့ ကိုယ်စားလှယ်နေရာကို ယူထိုက်တဲ့နေရာ ယူသင့်တဲ့နေရာမဟုတ်ဘူးလို့ ခံယူထားတဲ့အတွက် ဝင်ရောက်မယှဉ်ပြိုင်တာဖြစ်တယ်။ ” ဟု ၄င်းက ပြောသည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် ရသေ့တောင် မဲဆန္ဒနယ်မှ တစ်နေရာ လစ်လပ်နေပြီး၊ ယခင်က အဆိုပါလစ်လပ်နေရာတွင် ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးဖိုးမင်းမှ တာဝန်ယူခဲ့ကြောင်း၊ သို့သော်လည်း ဦးဖိုးမင်းမှာ ကွယ်လွန်သွားပြီဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဝင်မပြိုင်သော်လည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဖြစ်ပြီး ၃ နေရာ အနိုင်ရနိုင်ကြောင်း ခန့်မှန်းထားသည်။
“ ပြည်သူတို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ကာလဒေသပယောဂရဲ့ အပေါ်မှာ ပြောင်းလဲသွားနိုင်မယ့် အခြေနေမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် အတိကျ ပြောနိုင်ဆိုနိုင်ဖို့ ခက်ခဲ့သော်လည်း ခန့်မှန်းရသလောက်ကတော့ ၂၀၁၅ မှာ နိုင်ခဲ့နေရာဖြစ်တဲ့ ဘူးသီးတောင်ရယ်၊ မောင်တော၊ အမ်းမြို့နယ် စတဲ့ သုံးနေရာလောက်တော့ နိုင်ခြေရှိတဲ့နေရာဖြစ်တယ်။ ” ဟု ဥက္ကဌ ဒေါက်တာစမ်းရွှေက ပြောသည်။
မြန်မာနိုင်ငံအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်နေ့ စတင်ကျင်းပမည်ဖြစ်သည်။
လက်ရှိလစ်လပ်လျှက်ရှိသည့် မဲဆန္ဒနယ်အတွက် လက်ရှိအမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီ ANP မှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD မှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဦးခင်သန်းမောင်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ဖြစ်ကြောင်း စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။




