
(အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ယခင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ် ဦးမောင်မောင်အုန်း။ ဓါတ်ပုံ - DMG)
ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ဖေ့စ်ဘုတ် လူမှုကွန်ယက်နှင့် ရခိုင်ပြည်သူများကြားတွင် လတ်တလော ပျံ့နှံ့နေသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနေရာတွင် အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို တပ်မတော်က NLD သို့ အကြံပြုထားသည်ဟု သတင်းမှာ မှန်ကန်မှုမရှိဘဲ ၄င်းကိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်ရန် မည်သူမှ ကမ်းလှမ်းထားခြင်းမရှိဟု ဦးမောင်မောင်အုန်းက DMG သို့ ပြောသည်။
“ မဟုတ်ပါဘူး ခင်ဗျာ။ ကျနော့်ကို ဘယ်သူမှ ပြောထားတာမရှိပါဘူး။ အခု ဦးဆောင်နေတဲ့ သူတွေပဲ လုပ်ပါစေ။ ကျနော်က နိုင်ငံရေးတွေ၊ ပါတီတွေနဲ့ သိပ်မလုပ်ချင်တော့ဘူး။ ကျနော်က လွှတ်တော်ကိုယ်စားလှယ် နဲ့ နေချင်ပါတယ်။ ကျနော် ပရဟိတကိုပဲ လုပ်နေပါတယ်။ ကျနော်ကတော့ ရခိုင်ပြည်ကို ချစ်ပါတယ်။ အခုထက်ထိတော့ ဘယ်သူမှ ကမ်းလှမ်းထားတာ မရှိသေးပါဘူး။ ” ဟု ပြောသည်။
ယခုအပတ်အတွင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို ခန့်အပ်ရန်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နေရာတွင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ကိုခန့်အပ်၇န် တပ်မတော်ဖက်က လက်ရှိ NLD အစိုးရကို အကြံပြုညှိနှိုင်းခဲ့သည်ဟု သတင်းအပေါ်မှာ ဦးမောင်မောင်အုန်းက ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ် ရင်ဆိုင်နေရသော ဘင်္ဂါလီကိစ္စနှင့် တရားဥပဒေစိုးမိုးရေးအပိုင်းကိုလည်း အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးမောင်မောင်အုန်းက ယခုလိုသုံးသပ်ခဲ့သည်။
“ ရခိုင်ပြည်နယ် ကိစ္စကလေ ဟန်ချက်ညီညီ လုပ်ဖို့လိုတယ်လို့ ပြောချင်တာပေါ့။ ဟန်ချက်ညီညီဆိုတာတော့ အစိုးရရယ်၊ ပြည်သူရယ်၊ တပ်မတော်ရယ် အားလုံးပေါင်းစပ်ပြီးတော့ ဟန်ချက်ညီညီလုပ်ဖို့ လိုတယ်။ အခုက ဗဟိုအစိုးရက သပ်သပ်လုပ်တယ်။ ပြည်နယ်အစိုးရကလည်း ဂဃနဏ အသေးစိတ်မသိရဘူး။ ဒေသခံ လူထုကလည်း သူတို့ဆန္ဒတွေ မပါဘဲနဲ့ ပွင့်လင်းမြင်သာမှု အားနည်းတယ်ဆိုတော့ အစိုးရက ဘယ်လောက်ပဲ စေတနာကောင်းကောင်းနဲ့ လုပ်လုပ်ပေါ့ အောက်ခြေမှာတော့ ပြဿနာက ကြီးထွားနေအုံးမှာပဲ။ ဒါ့ကြောင့် ဟန်ချက်ညီညီလုပ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ” ဟု ပြောသည်။
ယင်းအပြင် အစိုးရအနေဖြင့် ရခိုင်ပြည်သူလူထု၏ သဘောထားများကို အလေးထားစေချင်ကြောင်း၊ ယနေ့ ရခိုင်ပြည်သူလူထု၏ ဆန္ဒနှင့် အစိုးရ၏ ဆောင်ရွက်မှုများမှာ ယုံကြည်မှုလျော့ပါးနေပြီး ဆိုးရွားသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းကို စိတ်မကောင်းကြောင်း၊ ယခုအချိန်တွင် အားလုံးက သွေးစည်းညီညွှတ်ရမည်ဖြစ်ပြီး တိုင်းရင်းသားများအားလုံး ပါဝင်ပြီးတော့မှ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လူမျိုးရေးကဏ္ဍများတွင် ပေါင်းစပ်ညှိနှိုင်းလုပ်မည့်အနေအထားမှာ အချင်းချင်း လိုအပ်ချက်များစွာရှိနေကြောင်း၊ ယင်းကဲ့သို့ မညီညွှတ်မှုကြောင့် ဘေးလူများက အခြေအနေအရ ရခိုင်ပြည်နယ်ကို လိုသလိုလုပ်နေသည့် ပုံစံဖြစ်နေကြောင်း ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
“ ကျနော် ဗမာတစ်ယောက်ပါ။ ရခိုင်တိုင်းရင်းသားတစ်ယောက်လိုပဲ ခံစားပြီးတော့ တိုင်းရင်းသားအားလုံး အစိုးရပူးပေါင်းပြီးတော့မှ ဒီကိစ္စကြီးကို ကြံ့ကြံ့ခံဖို့လိုတယ်။ နိုင်ငံတကာကို ဖြေရှင်းဖို့ လိုတယ်။ တပ်မတော်နဲ့ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အချုပ်အခြာအာဏာကို ကိုယ့်ရဲ့ နယ်မြေတွေ ပါမသွားအောင် ဒီလိုရည်ရွယ်ချက်တွေ၊ ဒီလိုအမျိုးသားရေးစိတ် ခံယူချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှပဲ ကျနော်ထင်တယ် ဗျာ။ အစိုးရကြီးပဲ လုပ်မယ်ဆိုရင်လည်း အခုအခြေအနေက ပြည်သူမပါရင် မလွယ်ဘူးလေ။ ဒါ့ကြောင့် ကျနော် အကြံပြုချင်တာက ဘယ်သူပဲ ကွက်ကဲကွက်ကဲပါ။ ဒေသခံလူထုကိုလည်း မပစ်ပယ်နဲ့။ အစိုးရရဲ့ မူဘောင်လည်း ညီရမယ်။ နိုင်ငံတကာရဲ့ လိုလားနေတဲ့ လူ့အခွင့်အရေးတော့ ယူအန်ရဲ့ ဒုက္ခသည်များ ကယ်တင်ရေး ကိစ္စတွေ ဒါတွေအားလုံးကို ပေါင်းစပ်ပြီးတော့မှ ကျနော်လုပ်ခဲ့တုန်းက ECC ဆိုတာရှိတယ်။ အခုလည်း ဒေါက်တာ ဝင်းမြတ်အေးတို့ လုပ်တာရှိပါတယ်။ ဒါပေမယ့် သူတို့က ဗဟိုကနေပြီးတော့မှ တိုက်ရိုက်ကိုင်တွယ်တဲ့အခါကျတော့ တချို့ဟာတွေမှာ ဒေသခံလူထုနဲ့ ဒေသခံ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့မှု နည်းနည်း အားနည်းတဲ့အခါကျတော့ အောက်ကမသိတော့ လုပ်ရတာ ခက်တာပေါ့နော်။ ” ဟု ၄င်းက ပြောသည်။
လက်ရှိ အစိုးရအဖွဲ့အနေဖြင့် ဒေသခံသဘောထားဆန္ဒများပါဝင်သော လူထုကိုဖွဲ့စည်းပြီး နိုင်ငံတကာနှင့် အစိုးရ သုံးခုပေါင်းပြီး ဖြေရှင်းလျှင် ရခိုင်ပြည်နယ်ကိစ္စကို ယခင်ထက် ဖြေရှင်းရကောင်းမည်ဖြစ်ပြီး ဗဟိုအစိုးရကပဲ ဖြေရှင်းနေလျှင် လက်ရှိပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူက ယုံကြည်မှု လျော့နည်းလာမည်ဖြစ်ကြောင်း ဦးမောင်မောင်အုန်းက အကြံပြုသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှာ ပြဿနာများ လျော့နည်းမလာဘဲ ဒေသတွင်းတရားဥပဒေ စိုးမိုးရေးပါ အားနည်းလာနေပြီး ဘင်္ဂါလီကိစ္စကို ဖြေရှင်း၍ မပြီးနိုင်သည့် အချိန်တွင် စစ်တွေမြို့မိုင်းပေါက်ကွဲမှုအပါအဝင် မြောက်ဦးကိစ္စလည်း ရှုတ်ထွေးနေကြောင်း သိရသည်။




