(ယနေ့ (သြဂုတ်လ ၁၉ ရက်) စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာတို့ နှီးနှောဖလှယ်ပွဲ။ ဓါတ်ပုံ - ပျံလွှား/DMG)

သြဂုတ်လ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။   ။   မကြာခဏ ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းက ပြဿနာများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို သတင်းရယူရာတွင် အခက်အခဲရှိနေသည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိထိရောက်ရောက်ဖြေကြားပေးနိုင်မည့် မီဒီယာတာဝန်ခံတစ်ဦး သတ်သတ်မှတ်မှတ် ခန့်အပ်ပေးရန် ရခိုင်ပြည်နယ် အခြေစိုက် မီဒီယာများက ယနေ့တောင်းဆိုလိုက်ကြသည်။

ယနေ့ (သြဂုတ်လ ၁၉ ရက်) စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာတို့ နှီးနှောဖလှယ်ပွဲကနေ ရခိုင်မီဒီယာများဖြစ်သည့် နိရဉ္စရာသတင်းဌာန၊ Development Media Group (DMG)၊ ရခိုင့်အသံဂျာနယ်၊ ရခိုင်လွှတ်တော်ဂျာနယ်၊ RiA သတင်းဌာနနှင့် ဒေသခံသတင်းသမားတို့က ထုတ်ပြန်ချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံမှာ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဖြစ်ပြီး ၄င်းမှာ မီဒီယာများ၏ မေးမြန်းမှုကို အချိန်နှင့်တစ်ပြေးညီ ဖြေကြားနိုင်ခြင်းမရှိသည့်အတွက် တောင်းဆိုရခြင်းဟု Development Media Group (DMG) ၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်၊ အယ်ဒီတာချုပ်လည်း ဖြစ်သည့် ဦးမင်းအောင်ဦးက ပြောသည်။

“ လက်ရှိက စည်ပင်ဝန်ကြီး ဦးမင်းအောင်က တာဝန်ခံထားတယ်။ ဒါပေမယ့် ကျနော်တို့ မီဒီယာအပါအဝင် မီဒီယာတွေနဲ့ သတင်းသမားတွေ မေးမြန်းတဲ့အခါမှာ အလုပ်မအားလို့၊ အစည်းအဝေး ရောက်နေလို့ဆိုပြီး အစိုးရရဲ့ သဘောထားတွေကို မသိရဘူး။ ဘူးသီးတောင်၊ မောင်တောဘက်က ပြဿနာတွေဆိုရင် ချက်ချင်း သတင်းတင်ရမယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကို မေးမြန်းရင် အချိန်နဲ့ တပြေးညီ မရတဲ့ အခက်အခဲတွေ ရှိနေတယ်။ ဒါကြောင့် အစိုးရအနေနဲ့ အချိန်ပေးနိုင်တဲ့၊ အလုပ်အားတဲ့ မီဒီယာတာဝန်ခံတစ်ဦး ထားပေးဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာလည်း နိရဉ္စရာသတင်းဌာနက လက်ထောက်အယ်ဒီတာ ဦးစံမောင်သန်းက ပြည်နယ်အစိုးရအဖွဲ့ထံ သတင်းရယူရာအခက်အခဲရှိနေခြင်းကို ဘယ်လိုဆက်လုပ်မည်းနည်း မေးခွန်းမေးမြန်းရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တိတိကျကျ ပြတ်ပြတ်သားသား ဖြေရှင်းပေးခြင်းမရှိဘဲ အကောင်းဆုံးကြိုးစားမည်ဟုသာ ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ရခိုင်မီဒီယာများမှာ ပြည်ထောင်စုအစိုးရအနေဖြင့် ဘူးသီးတောင်၊ မောင်တောဒေသသို့ သတင်းသမားများအား ခေါ်ယူရာတွင် ဒေသခံ ရခိုင်သတင်းသမားများကိုလည်း ခေါ်ယူပြီး ပြည်မမီဒီယာနှင့် နိုင်ငံတကာမီဒီယာနည်းတူ တန်းတူအခွင့်အရေးပေးကြောင်း တောင်းဆိုကြသည်။

နိုင်ငံတကာ INGO များက တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးရေးအတွက် ကူညီရာတွင် ရခိုင်မီဒီယာများကိုလည်း အကူအညီမပေးသည် ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခရီးစဉ်များတွင် ဒေသခံရခိုင်သတင်းသမားတို့ကိုလည်း လိုက်ပါခွင့်ပေးရန်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာရုံးများအား အင်တာဗျူးဖြေနိုင်ရန် အစိုးရမှ ညွှန်ကြားချက်ထုတ်ပြန်ပေးရေးတို့ကို ရခိုင်မီဒီယာများက တောင်းဆိုကြသည်။

Author: နေရောင်မင်း(စစ်တွေ)