ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနက ဒုတာဝန်ခံဟောင်း ကိုခိုင်မျိုးထွန်းအား မြန်မာတပ်မတော်ဘက်မှ တရားစွဲဆို၍ စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထား ခြင်းကို ရခိုင်အမျိုးသားကွန်ယက်မှ ဦးဆောင်ပြီး ရခိုင်လူမှူအဖွဲ့အစည်းတချို့က သဘောထားတစ်စောင် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ကိုခိုင်မျိုးထွန်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဖြစ်တယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဟာ NCA မှာ လက်မှတ်ထိုးထားတယ်။ ကိုခိုင်မျိုးထွန်းဟာ NCA လက်မှတ်ထိုးတဲ့အခါ ဦးဆောင်းပါဝင် ခဲ့သူလည်း ဖြစ်တယ်။ အဓိကတော့ NCA အခွင့်အရေးကို ထုတ်ပြန်မယ်။ ပြီးတော့ NCA မှာ ပါဝင်ထားတဲ့ သက်ဆိုင်ရာ ပါတီဘက်က ပြောခွင့်၊ လုပ်ပိုင်ခွင့် ရှိတာတွေပေါ့။ နောက်ပြီး တော့ ကိုခိုင်မျိုးထွန်းအမှူကို အခြားအဖွဲ့အစည်းတွေ၊ ရခိုင်လူမှူအဖွဲ့အစည်းတွေက ၀ိုင်းရံလာဖို့ကို ရည်ရွယ်မှာ ဖြစ်ပါတယ်။ ” ဟု ရခိုင်အမျိုးသားကွန်ယက်၏ ဥက္ကဌ ကိုတင်ထူးအောင်က ဆိုသည်။

NCA စာချုပ်၏ “နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ” နိဒါန်းတွင် သဘောတူညီချက် ကတိက၀တ်များကို ထိန်းသိမ်းလိုက်နာပြီး တိတိကျကျ အကောင်အထည် ဖော်နိုင်စေရန် ရည်ရွယ်ကြောင်း၊ ဤသဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ အငြင်းပွားခြင်းများရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များသည် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဆုံးအဖြတ်ကို ခံယူကြရမည်” သဘောတူထားသော်လည်း တရားလို မြန်မာတပ်မတော်ဘက်က အဆုံးအဖြတ် မခံယူ မတောင်းယူသည့်အကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်မည်ဟု ကိုတင်ထူးအောင်က ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေး (ALP) ပါတီသည် (၂၇-၇-၂၀၁၆) နေ့စွဲပါ စာအမှတ် (၁၀/၂၀၁၆) ဖြင့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ဗဟိုဌာနချုပ်မှ ယခုကဲ့သို့ ခိုင်မျိုးထွန်းအား အငြိုးထား၍ ဖမ်းဆီးခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် အမြန်ဆုံး ခိုင်မျိုးထွန်းကို လွှတ်ပေးရန် တောင်းဆိုကြောင်း သဘောထားကြေငြာချက်တစ်စောင်ကို အများပြည်သူသိရှိရန် ထုတ်ပြန်ခဲ့ခြင်းမှလွဲ၍ NCA စာချုပ်ပါ သဘောတူညီချက်များနှင့် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန် (TOR) ” အခန်း (၈) အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း (ပဋိပက္ခဖြေရှင်းမှုယန္တရား) တို့အရ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ထိုက်သင့်သည့် ကြိုးပမ်းဆောင်ရွက်မှုမရှိသည်ကိုလည်း ထုတ်ပြန်မည် ဖြစ်သည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ စစ်ပွဲကြောင့် မြန်မာတပ်မတော်ဘက်က ပြည်သူများအပေါ် ပေါ်တာဆွဲခြင်းနှင့် လမ်းပြအဖြစ် ခေါ်ဆောင်မှူများရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနှင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က နှင့်အညီ အမှုတွဲ ချေဖျက်ပေးနိုင်ရန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးဦးကျော်သိန်းမှ ရခိုင်ပြည်နယ် တရားလွှတ်တော်

သို့ ရာဇ၀တ်အထွေထွေမှုအမှတ် (၁၁/၂၀၁၆) ဖြင့် လျှောက်ထားခဲ့ရာ (၂၉-၁၁-၂၀၁၆) နေ့က ပယ်သည့်အမိန့်ချမှတ်ခဲ့သည်။

ဆက်လက်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၁၃ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ရာဇ၀တ်ပြင်ဆင်မှု လျှောက်ထားခဲ့ရာ အမှုအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ လက်ခံသင့်၊ မသင့်ကို လာမည့် ဧပြီလ (၂၅) ရက်နေ့တွင် ကြားနာမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဦးကျော်သိန်းကဆိုသည်။

Author: DMG