(ဇွန်လ ၉ ရက် ယနေ့ ဗဟန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးအပြီး တွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။   ။   "ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း" အသုံးအနှုန်းကို ဦးဆောင်ကန့်ကွက်ဆန္ဒပြခဲ့သူ သုံးဦးအား  ငြိမ်း/စု/စီ ၁၉ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ဗဟန်မြို့နယ်တရားရုံးမှ ဇွန်လ ၁၄ ရက်နေ့သို့ ထပ်မံချိန်ဆိုလိုက်ကြောင်း သတင်းရရှိသည်။

ထိုအမှုအား လိုက်ပါဆောင်ရွက်ကူညီပေးနေသူ ရခိုင်လူငယ်များအဖွဲ့ (AYO) ဥက္ကဌ ကိုမောင်လေးက "ဒီနေတော့ တရာလိုသက်သေတစ်ယောက်ကိုသာ စစ်ဆေးပါတယ်။  ဒီလိုသက်သေတွေကို စစ်ဆေးနေတာ ဘယ်လောက်ကြာဦးမလဲ မသိပါဘူး။ မိသားစုမိတ်ဆွေအပေါင်းအသင်းတွေ လာရောက်ဝန်းရံကူညီပေးကြတာကိုတော့ သူတို့ မိသားစုတွေကိုယ်စား ကျေးဇူးတင်ပါတယ်။ အမှန်တရားအတွက်၊ တရားမျှတမှုတွေဖြစ်လာဖို့ အားလုံးဝိုင်းရံပေးကြစေချင်ပါတယ်။ " ဟု DMG သို့ ပြောသည်။

ထိုတရားစွဲဆိုခံထားရသူသုံးဦးမှာ ကန့်ကွက်ဆန္ဒထုတ်ပွဲအား ဦးဆောင်လျှောက်ထားခဲ့သူ ရခိုင်လူငယ် များအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုဖိုးသား၊ ဟောပြောသူများဖြစ်သည့် မြန်မာ့အမျိုးသား ရေးကွန်ရက် ဥက္ကဌ ကိုဝင်းကိုကိုလတ်၊ အထွေထွေအတွင်းရေးမှူး ကိုနောင်တော်လေးအား လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် ငြိမ်း/စု/စီ ၁၉ ဖြင့် တရားစွဲဆိုထားသည်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် ထပ်မံမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်ဆန္ဒထုတ်ဖော်ရသည့်အကြောင်းမှာ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် မြန်မာအစိုးရကိုယ်စားလှယ်မှ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား "ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း" ဟု သုံးနှုန်းခဲ့သည်ကို လက်မခံကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် အရှေ့ဖက်မုခ်ရှိကြေးသွန်းဘုရားကြီးရှေ့မှ တာမွေလူထုဟစ်တိုင်ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် ငြိမ်း/စု/စီ ၁၉ ဖြင့် တရားစွဲဆိုထားသည်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထပ်မံမှုဖွင့်ထားခြင်းအား ကိုယ်တိုင်အာမခံ ပေးထားသော်လည်း မေလ ၂၄ ရက်နေ့ရုံးချိန်းတွင် အာမခံရုပ်သိမ်းကာဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအမှုတွင်ပါသည့် မြန်မာ့အမျိုးသားရေးကွန်ရက်ဥက္ကဌ ကိုဝင်းကိုကိုလတ်၊ အထွေထွေ အတွင်းရေးမှူး ကိုနောင်တော်လေးတို့နှစ်ဦးသည် ငြိမ်း/စု/စီ ၁၉ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) တို့ဖြင့် ဗဟန်းမြို့နယ်တရားရုံးနှင့် ကမာရွတ်မြို့နယ်တရားရုံးတွင်လည်း အမှုဖွင့်အရေးယူ ခံထားရကြောင်း သိရသည်။

Author: ကောင်းကောင်း