(စစ်တွေမြို့က စစ်တွေဟိုတယ်။ ဓါတ်ပုံ - ဝေလင်း/DMG)

ဇွန်လ ၅ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေမြို့ (DMG) ။    ။   စစ်တွေမြို့က လူမှုရေးအသင်းအဖွဲ့ ၁၅ ဖွဲ့ခန့်က ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့တို့ ယနေ့ နေ့လည် ၂ နာရီခွဲက စစ်တွေမြို့၊ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေကြသည်။

ယနေ့ နံနက်ပိုင်းကလည်း စစ်တွေမြို့က လူငယ်များနှင့် လယ်သမာများတို့ကို စစ်တွေဟိုတယ်မှာပဲ တွေ့ဆုံခဲ့ကြောင်း ကော်မရှင်ဖက်မှ တာဝန်ရှိသူတို့က ပြောဆိုကြကြောင်း သွားရောက်သတင်းယူနေသည့် DMG သတင်းထောက် ဝေလင်းက ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ မီဒီယာများကို ဝင်ခွင့်မပြုသည့်အပြင် ဓါတ်ပုံလည်း ရိုက်ခွင့်မပြုကြောင်း ဝေလင်းကဆိုသည်။

အဆိုပါကော်မရှင်အဖွဲ့နှင့် မနက်ဖြန် နေ့လည် ၃ နာရီခန့်မှာ မြောက်ဦးမြို့၌ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများနှင့် သီးသန့်တွေ့ဆုံကြမည်ဟု ဖိတ်ကြားခြင်းခံထားရသည့် ခမီအမျိုးသား ဦးအင်္ဂါအောင်က DMG ကို ပြောသည်။

“ ဘယ်နေရာမှာ တွေ့မယ်ဆိုတာ မသိသေးဘူးဗျ။ စီစဉ်တာကတော့ CDNH လို့ သိရတယ်။ မနက်ဖြန် မျိုးနွယ်စုတွေနဲ့ တွေ့ကြပါမယ်။ ဘာကြောင့်တွေ့မယ်၊ ဘာတွေဆွေးနွေးမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ” ဟု ပြောသည်။

ပြီးခဲ့သည့်အပတ်က ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ပြီး ရခိုင်လယ်သမားများနှင့် တွေ့ဆုံခဲ့ကြောင်း ရခိုင်ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ ဒေါ်မြသီတာက RFA အင်တာဗျူးတစ်ခုမှာ ပြောကြားထားသည်။

ယခုခရီးစဉ်မှာ ကော်မရှင်ဥက္ကဌဖြစ်သည့် မစ္စတာ ကိုဖီအာနန် ပါဝင်ခြင်းမရှိဘဲ ကော်မရှင်အဖွဲ့ဝင် အချို့ကသာ လာရောက်ကြသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသော မြို၊ သက်၊ ခမီ၊ ဒိုင်း နက် စသည့် တိုင်းရင်းသားများ၊ လယ်သမားများ၊ တံငါလုပ်ငန်းလုပ်ကြသူများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်ဦးဆောင်သော ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို လာမည့် သြဂုတ်လ နောက်ဆုံးထားပြီး တင်သွင်းရမည်ဖြစ်သည်။

အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ အချိန်မီ တင်ပြနိုင်ရန်အတွက် ယခုတစ်ကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်သည် နောက်ဆုံးအကြိမ်ဖြစ် နိုင်ကြောင်းလည်း ကော်မရှင်အဖွဲ့ဝင်များက ပြောဆိုကြသည်။

အပြီးသတ် အစီရင်ခံစာမတင်ပြမီ ကော်မရှင်ဥက္ကဌဖြစ်သော ကိုဖီအာနန်ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ထပ်မံလာရောက်ဦးမည်ဟုလည်း သိရသည်။

 

 

 

Author: နေရောင်မင်း(စစ်တွေ)