
ဝင်းညွန့်/ DMG
ဧပြီ ၂၃ / စစ်တွေ
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော် ဆောင်နေသောအချိန်တွင် ရခိုင်ဒေသ၌ စစ်ဆင်ရေး ထိုးစစ်ဆင်နေမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ခန့် ပူးပေါင်းထားသည့် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့က ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။
စစ်ဆင်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်သွေးများစတေးခဲ့ရပြီး ကျေးရွာများအတွင်း ပစ်ခတ်မှု များကြောင့် အပြစ်မဲ့ပြည်သူအချို့ သေခဲ့ကြရပြီး ဒဏ်ရာများရရှိကြသည့်အပြင် ရွှေနှင့်ငွေကြေးများ မတရား သိမ်းယူခြင်းများ၊ နေအိမ်အချို့ မီးလောင်ကျွမ်းခြင်းနှင့် ပျက်စီးခြင်းများ ကြုံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဘေးဒုက္ခသည်များ၏ ရိက္ခာဖူလုံပြီး လူဂုဏ်သိက္ခာနှင့်အညီ ကြောက်ရွံ့ခြင်းကင်းကာ လုံခြုံစွာ နေထိုင်သွားလာနိုင်သော လူနေမှုဘဝကို အစိုးရမှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်နှင့် ကျေးရွာများအနီးတွင် တပ်စခန်းချ နေထိုင်ခြင်း မိုင်ထောင်ခြင်းနှင့် တိုက်ပွဲများလုံးဝမပြုလုပ်ကြရန်လည်း ၎င်းတို့ အဖွဲ့အစည်းက တောင်းဆိုသည်။
ယင်းအပြင် ရှေးဟောင်းယဉ်ကျေးမှုနယ်နိမိတ်ဇုံနှင့် သာသနိကအဆောက်အဦးအတွင်း တပ်စခန်း နေရာချထားခြင်းနှင့် တိုက်ပွဲများ လုံဝမပြုလုပ်ကြရန်လည်း တောင်းဆိုထားသည်။
အလားတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး နှစ်ဘက်သဘောတူ Bilateral စာချုပ်ကို သဘော ထားကြီးစွာဖြင့် လက်မှတ်ထိုး စာချုပ်ချုပ်ဆိုကြရန်နှင့် ရခိုင်ပြည်၏ လက်ရှိအခြေအနေ သည်စစ်ရေး အရဖြေရှင်း၍ ရရှိနိုင်မည့် ပဋိပက္ခမဟုတ်ဘဲ နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ကြရန်လည်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဖက် အဖွဲ့ကတောင်းဆိုထားသည်။




