ရခိုင့်သယံဇာတနှင့်ရေမြေကို ရခိုင်တို့ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရရှိရေးအတွက် ၂၀၁၆ ခုနှစ်က ချီတက်လမ်းလျှောက်ခဲ့ကြသည်။ (ဓာတ်ပုံ- ANREN )
နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်မင်း(ကျောက်ဖြူ) / DMG
ရခိုင့်သယံဇာတပိုင်ဆိုင်ခွင့် စီမံန့်ခွဲပိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ (၂) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ထူးခြားမှု မရှိသောကြောင့် လာမည့် နိုဝင်ဘာလ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ ကျောက်ဖြူမြို့တွင် လူထုဆန္ဒဖော်ထုတ်ရန် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ယက်က စီစဉ်နေသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က သယံဇာတပိုင်ဆိုင်ခွင့် ရရှိရေးနှင့်ပတ်သက်ပြီး မိုင်ပေါင်း (၃၀၀)ကျော်ခန့်ဝေးကွာ သည့် စစ်တွေမှကျောက်ဖြူသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။ သို့သော် အစိုးရဘက်က ပြုပြင်ပြောင်းလဲမှု မရှိခဲ့ပေ။ ယင်းကြောင့် ဒုတိယအကြိမ်အဖြစ် ရခိုင့်သယံဇာတကို ရခိုင်လူမျိုးများ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်သောကြောင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခြင်းဟု အဆိုပါကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်က ပြောသည်။
" ရခိုင့်သယံဇာတကို ရခိုင်တွေပိုင်တယ်ဆိုတာကို အဓိကပြောချင်တာပေါ့လေ။ ၂၀၁၆ ခုနှစ်ကလည်း ရခိုင့်သယံဇာတနဲ့ ဆက်စပ်ပြီးတော့ ရခိုင်လူမျိုးပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တွေကို တောင်းဆိုခဲ့ကြတာ တွေရှိတယ်။ ဒီနှစ်ဆိုလို့ရှိရင်(၂)နှစ်ပြည့်လာပြီ။ ဒါပေမဲ့ သယံဇာတနဲ့ဆက်စပ်ပြီးတော့ တောင်းဆိုထားတဲ့ဟာတွေကို နိုင်ငံတော်က ပြုပြင်ပြောင်းလဲမှု ဘာမှရှိတာမရှိဘူး။ ကျွန်တော်တို့ကတော့ ရခိုင်ပြည်မှာရှိတဲ့ သယံဇာတတွေက ရခိုင်လူမျိုးတွေအတွက်ပဲ ဖြစ်သင့်တယ်။ ရခိုင်လူမျိုးတွေပဲ စီမံခန့်ခွဲပိုင်ခွင့် ရှိသင့်တယ်ပေါ့" ဟု ၎င်းက ဆိုသည်။
ယခု (၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် ရခိုင်သယံဇာတနှင့် ပတ်သက်သည့် မူဝါဒတစ်ရပ် ပေါ်ပေါက်လာရေး တို့ကိုလည်း ချပြသွားမည်ဟု ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇေယျကျော်က ပြောသည်။
" ရခိုင်ပြည်နယ်မှာ ရခိုင်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ မြေယာဆိုင်ရာ မူဝါဒတစ်ရပ်ဟာ အခုအချိန်ထိ ရခိုင်ပြည်သူတစ်ရပ်လုံး ပါဝင်ပြီးတော့ ရေးဆွဲထားတာ မရှိသေးပါဘူး။ အဲဒါကြောင့် ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးအရ ရပိုင်ခွင့်မူဝါဒတစ်ရပ် ပေါ်ပေါက်လာရေးကို ရည်ရွယ်ပြီး လာမယ့်နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပမယ့် (၂)ပြည့်အထိမ်းအမှတ်မှာ ဒါတွေကိုချပြသွားဖို့ ရည်ရွယ်ထားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ(၂)နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် ရခိုင့်နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်လည်း ပြုလုပ်မည်ဖြစ်သည်။




