
ခိုင်ရိုးလ၊ DMG
စက်တင်ဘာလ ၂၆၊စစ်တွေ
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန်အတွက် ဂျာမနီနိုင်ငံထုတ် မူးယစ်ဆေးဝါးရှာဖွေရေး စက်တစ်လုံးကို တပ်ဆင်သွားရန် စီစဉ်နေကြောင်း ဘဏ္ဍာ၊ အခွန် ၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်၌ ပြောသည်။
မူးယစ်ဆေးဝါး ပြဿနာသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များ ကလည်း ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိသည်ဟု ဦးကျော်အေးသိန်းက ပြောသည်။
“ မူးယစ်ရဲကိုသီးခြားဖွဲ့စည်းပြီးတော့ ထိထိရောက်ရောက် နှိမ်နှင်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ မကြာမီအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း မူးယစ်ဆေးဝါရှာဖွေတဲ့စက်တစ်လုံးကို ဂျာမနီနိုင်ငံက ဝယ်ယူပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ တပ်ဆင်သွားဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ် ”ဟု ၎င်းက ဆိုသည်။
သို့သော် ဝန်ကြီးအနေဖြင့် မည်သည့်အချိန်တွင် တပ်ဆင်မည်နှင့်မည်သည့်မြို့တွင် တပ်ဆင်မည်ကို အသေးစိတ်ပြောပြခဲ့ခြင်းမရှိပေ။
ရခိုင်ပြည်နယ်သည် မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်မဟုတ်သော်လည်း မူးယစ်ဆေးဝါး အမှုအများဆုံးဖြစ်နေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန် မြောက်ဦးလွှတ်တော်ကိုယ်စား လှယ်များက အစိုးရကို တိုက်တွန်းကြသည်။
“ရခိုင်ပြည်နယ်မှာ တရားမဝင်မူးယစ်ဆေးဝါးတွေ နှစ်စဉ်တိုးမြှင့်ပြီး ရောင်းဝယ်ဖောက်ကားနေတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ဟာ ဆင်းရဲတယ် ၊အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး။ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတယ်။ အဲဒါကြောင့် ငွေရလွယ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို စမ်းသပ်လုပ်ကိုင်ရာကနေ ဝိသမ လောဘသားကောင်တွေ ဖြစ်လာတာကို တွေ့ရှိနေရပါတယ်” ဟု ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်မှ ၂၀၁၈ခုနှစ် မေလအထိ ကျပ်သိန်းပေါင်း ( ၁၈၃၆၉၂၅.၉၃၄)တန်းဖိုး ရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးအမှု (၆၃၁)မှုနှင့် တရားခံပေါင်း (၁၀၁၁)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။




