ဇူလိုင် ၁၂ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။   ။  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှာ လယ်သမားများက လယ်ယာမြေနှင့်ပက်သတ်ပြီး တိုင်တန်းလျှောက်ထားကြသော်လည်း စိစစ်ဆောင်ရွက်မှုမရှိဘဲ မျက်ကွယ်ပြုနေကြကြောင်း ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းအဖွဲ့၏ ဇူလိုင်လ ၁၀ ရက်နေ့က ပြည်နယ်လွှတ်တော်သို့နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းရာမှာ ပြောကြားခဲ့သည်။

 

အဆိုပါ အဖွဲ့ကို ပြည်သူလူထုများက တင်ပြလာသည့် လယ်ယာမြေအငြင်းပွားမှု၊ လယ်ယာမြေများ သိမ်းဆည်း ခံရမှု၊လယ်ယာမြေများ ပျက်စီးဆုံးရှုံးနစ်နာမှု၊လယ်သမားများ၏ အခက်အခဲ၊လယ်ကြား ချောင်းများနှင့် ငါးဖမ်း ခြင်းဆိုင်ရာ ပြဿနာများ၊ ဥယျာဉ်ခြံမြေနှင့်သစ်တောစိုက်ခင်းများ၊ ဆည်မြောင်းတာတမံတွင်း ပြဿနာများကို လက်ခံရရှိပြီး မှတ်တမ်းတင်ခြင်းများကိုပြုလုပ်ကာ လွှတ်တော်ဥက္ကဌကို တင်ပြန်ရန်နှင့်မေးခွန်းများမေးမြန်းခြင်း များပြုလုပ်ရန်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

 

“ လယ်ယာမြေနဲ့ပတ်သတ်ပြီး မြို့နယ်တိုင်း ကျေးရွာတိုင်းမှာ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီတွေ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ လယ်ယာမြေဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ပြီး တော့မှန်ကန်စွာ ဖြေရှင်းကြရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မြို့နယ်တော်တော်များမှာ ဥပဒေကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုးအတွက် လွဲမှားစွာ လုပ်ဆောင်နေကြပါတယ်။ ” ဟု လယ်ယာ၊သားငါး၊ သစ်တောနှင့်ဆည်မြောင်း လုပ်ငန်းအဖွဲ့ ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောဆိုသည်။ 

 

မြို့နယ်တိုင်းလိုလိုတွင် လယ်ယာလုပ်ပိုင်ခွင့်ပြုလက်မှတ်တွင်လည်း လယ်ယာမြေဧကများ မှားယွင်းစွာ ဖော်ပြ ထားမှုကြောင့် လယ်သမားအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေကြ ကြောင်းနှင့် ပုံစံ (၇) တစ်စောင် ရရှိရေးအတွက် ငွေ(၅၀၀၀၀)ကျပ်အထိ ပေးဆောင်နေရကာ လယ်မရှိသူများမှာလည်း ပုံစံ (၇)များ ရရှိနေကြ ပြီးယင်းကိစ္စရပ်များအား အရေးတကြီးဆန်းစစ်ရန် လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ 

 

ယင်းအစီရင်ခံစာကိုပြည်နယ်လွှတ်တော်ဥက္ကဌ၏ ညွှန်ကြားချက်ဖြင့် ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြားအမ်း၊တောင်ကုတ်၊ သံတွဲမြို့များသို့ကွင်းဆင်းလေ့လာခဲ့ပြီး ရေးသားထားခြင်းဖြစ်ကြောင်းလည်းသိရ သည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်