(စစ်တွေမြို့ပေါ်က အထက်တန်းကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)

ဇူလိုင် ၂၇ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။   ။  ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများတွင် ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးရန် ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားထားပြီး လိုက်နာမှုမရှိပါက ဌာနဆိုင်ရာအရ ထိရောက်စွာ အရေးယူသွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူ များ၏ စည်းကမ်း၊ အကျင့်စာရိတ္တ တိုးတက်ကောင်းမွန်ရေး၊ ကျောင်းတက်ချိန်မှန်ကန်မှုရှိစေရေးတို့အတွက် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများအနေဖြင့် ကျွမ်းကျင်ရာ အတန်းတစ်ခုခုတွင် ဘာသာရပ်တစ်ခုခုကို တစ်ရက်လျှင် အနည်းဆုံး(၁)ချိန်နှုန်းဖြင့် သင်ကြားပေးရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ ကျောင်းအုပ်ကြီးတွေ အနေနဲ့ စာသင်ပြဖို့တော့ ထုတ်ပြန်လိုက်တယ်။ သက်ဆိုင်ရာ ကြီးကြပ်အကဲဖြတ် အဖွဲ့တွေ လာရောက်စစ်ဆေးတဲ့အခါ သင်ကြားမှုမှတ်တမ်းတွေ တင်ပြရမယ်။ တကယ်လို့ လိုက်နာမှုမရှိရင်တော့ ပထမဆုံးအနေနဲ့ မှတ်တမ်းတင်ထားမယ်။ ပြီးတော့မှ သင့်တော်သလို အရေးယူသွားမှာပါ။ ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

ကျောင်းအုပ်များ စာသင်ကြားရမည်ဟု ညွှန်ကြားချက်မှာ ကျောင်းသားများနှင့် စာသင်ခန်းအများအပြားရှိသည့် စာသင်ကျောင်းနှင့် မြို့ပေါ်ရှိ အထက်တန်းကျောင်းများတွင် ကျောင်းအုပ်များက စာသင်ကြားပေးရမည်မှာ မဖြစ်နိုင်ကြောင်းနှင့် ရုံးတွင်းပိုင်ဆိုင်ရာ အလုပ်များသောကြောင့် အားလပ်အချိန်မှသာ စာသင်ကြားပေးရန်ဆိုသည်က ပိုအဆင်ပြေမည်ဖြစ်ကြောင်း မြောက်ဦး အထကမှ ကျောင်းအုပ်ဆရာတစ်ဦးက သုံးသပ်သည်။

“ ညွှန်ကြားချက်တော့ ဗိုင်ဘာကနေ ပို့လို့ ရောက်နေပါပြီ။ ကျနော်ဖတ်ကြည့်တော့ မဖြစ်နိုင်ဘူးထင်တာပဲ။ ကျောင်းအုပ်တွေက ရုံးတွင်းပိုင်ဆိုင်ရာက အလုပ်များတာ။ ဆရာ၊ ဆရာမတွေ ရောက်မရောက် စိစစ်ရတာနဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပြည်နယ်က ခိုင်းတဲ့ အလုပ်တွေနဲ့ စာသင်ခန်းတွေကို လှည့်လည်ကြည့်ရှုရတာနဲ့ အလုပ်ရှုပ်နေတာ။ အတန်းတစ်ခုမှာ ဘာသာရပ်တစ်ခုကို သင်ကြားရမယ်ဆိုတော့ ဒါက အချိန်ပြည့် သင်နိုင်မှာမဟုတ်ဘူး။ ဘာသာရပ်တစ်ခုကို သင်ကြားပြီဆိုတော့ မေးခွန်းတွေလုပ်ရတော့မယ်။ သူ့ဘာသာနဲ့ဆိုင်တဲ့ ကိစ္စတွေကို ရီပို့တွေ လုပ်ရတော့မယ်။ ဒါဆိုအလုပ်သများသွားပြီ။ နေမကောင်းလို့၊ ခွင့်ယူထားလို့ ကျောင်းပျက်တဲ့ ဆရာ၊ ဆရာမတွေရဲ့ နေရာမ အစားထိုးသင်ကြားရမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အားလပ်တဲ့အချိန်မှာ သင်ကြားရမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ အထူးသဖြင့် မြို့ပေါ်ရှိ အထကကျောင်းတွေမှာ မရနိုင်ဘူး။ နယ်ကျောင်းတွေ၊ တိုက်နယ်တွေမှာရှိတဲ့ အထက ခွဲတွေမှာဆိုတော့ စာသင်ခန်းနဲ့ ကျောင်းသားတွေ နည်းတဲ့အတွက် ရနိုင်ပါတယ်။ ” ဟု ပြောသည်။

ကျောင်းအုပ်ကြီးများ စာသင်ကြားရမည်ဟု ညွှန်ကြားချက်မှာ ဗဟိုက ညွှန်ကြားလားခြင်းမဟုတ်ကြောင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း မတွေ့ရကြောင်း၊ ရခိုင်ပြည်နယ် ပညာရေးမှူးကတော့ ပညာရေးမြင့်မား လာအောင် သူ့အိုင်ဒီယာနှင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ကျောင်းအုပ်ဆရာက သုံးသပ်ထားသည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှင် (၂၆)ယောက်နှင့် (၅)ဘာသာ ဂုဏ်ထူးရှင် (၂၆) ဦးပေါ်ထွက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၃၈၄၄၀ ရှိခဲ့ရာ  အောင်မြင်သူ ၆၅၉၈ ဦးသာ ရှိခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်း၌ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးရန်အတွက် ယခင်နှစ်များက ညွှန်ကြားခဲ့မှုမရှိခဲ့ဖူးကြောင်းလည်း ပြည်နယ်ပညာရေးဌာနမှ စုံစမ်းသိရှိရသည်။   

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်