
(၇-၆-၂၀၁၇ ရက်နေ့၊ အော်တာဝါမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ။ ဓါတ်ပုံ - Ministry of Foreign Affairs Myanmar)
ဇွန်လ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ကနေဒါ (DMG) ။ ။ ကနေဒါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၈ ရက်နေ့က စံတော်ချိန် ၁၆း၀၀ နာရီတွင် ဝန်ကြီးချုပ်ရုံး၌ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Rt. Hon. Justin Trudeau နှင့် တွေ့ဆုံခဲ့ကာ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာအစိုးရမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မြှင့်တင်သွားရေး၊ ကောင်းမွန်သည့်စီမံအုပ်ချုပ်ရေး၊ အမျိုးသမီးနှင့် လူငယ်များအခန်းကဏ္ဍမြှင့်တင်ရေး၊ စီးပွားရေးဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများပံ့ပိုးပေးရေးနှင့် လူသားချင်းစာနာထောက် ထားမှုအကူအညီများပေးအပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုအပြီးတွင် ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ ၈.၈ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။




