
(ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုကော်မတီ (ACDD)၊ တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ယက်မှ ရပ်/ကျေးဥပဒေအား အသိပညာပေးဟောပြောနေစဉ်။ ဓါတ်ပုံ - ခိုင်မင်းထွန်း)
ဒီဇင်ဘာ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ။ ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲပြုလုပ်နိုင်ရန် မဲပေးခြင်းနှင့် ရပ်/ကျေးဥပဒေအကြောင်းတို့ကို အသိပညာပေးမှုများလိုအပ်နေကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုကော်မတီ (ACDD)၊ တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ယက်မှ စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးက DMG ကို ပြောသည်။
“ ပြည်သူတွေ မသိတာက လက်ရှိ ရပ်/ကျေးဥပဒေမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာကို မသိလိုက်ဘူး။ ဥပမာ ရွေးချယ်ရဖို့နေရာမှာ အတန်းပညာတတ်ရဖို့ကိစ္စနဲ့ စီးပွားဥစ္စာပြေလည်ရဖို့ ကိစ္စ ဖြုတ်ခဲ့တာတွေကို မသိလိုက်။ ကျေးရွာမှာ ၁၀ နှစ် နေထိုင်ရဖို့ ကိစ္စအပါအဝင် အခု ၅ နှစ်ဆိုရင် အရွေးခံနိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျေးရွာတော်တော်များများက မသိလိုက်ဘူး။ ကျနော်တို့က အဲဒါတွေကို လိုက်ရှင်းပြနေတယ်။ ရွေးချယ်တင်မြှောက်ပုံစနစ်က ပြောင်းလဲသွားတယ်။ ပထမဆုံး ရွေးချယ်ရတာက ကြီးကြပ်ရေး ၅ ဦးကို ကျေးရွာရှိပြည်သူတွေက အများဆန္ဒနဲ့အညီ ရွေးချယ်ရမှာ ဖြစ်တယ်။ ကြီးကြပ်ရေးမှူးကို ရွေးချယ်ပြီးရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို တစ်ဆက်တည်း အစဉ်အလိုက် ဖွဲ့စည်းရမှာ ဖြစ်တယ်။ အဲဒီဖွဲ့စည်းပြီးမှ အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရမယ်၊ ဘယ်လို ရွေးချယ်ရမယ်အဆင့်ဆင့်ကို ဒေသခံကျေးရွာသားတွေက မသိကြဘူး။ ဒါတွေကို အသိပေးဖို့ လိုအပ်နေပါတယ်။ အခုက ကျနော်တို့ တစ်ဖွဲ့တည်း အသိပညာပေးမှုကို လုပ်နေတယ်။ နောက်တစ်ဖွဲ့မှမရှိဘူး။ တကယ်တော့ ကျနော်တို့ ရခိုင်ပြည်နယ် မြို့နယ်အားလုံးကို မနိုင်ဘူး။ တခြားသော လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက လိုက်ပေးသင့်တယ်။ ကူညီသင့်တယ်။ ” ဟု ပြောသည်။
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုကော်မတီ (ACDD)၊ တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ယက်မှ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်မြို့များသို့ သွားရောက်ကာ အသိပညာပေးနေပြီး မင်းပြား၊ မြေပုံ၊ ဂွနှင့် သံတွဲမြို့များသို့ တတ်နိုင်သလောက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေကြောင်း သိရသည်။ ယင်းအပြင် အခြားကျန်ရှိသည့် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အမ်း စသည့်မြို့များတွင် ရပ်/ ကျေး ဥပဒေကို အသိပညာပေးရန် လိုအပ်နေသည်။
လွှတ်တော်က ပြဌာန်းလိုက်သည့် ရပ်/ကျေး ဥပဒေအသစ်အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတရုံးက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးကောက် တင်မြှောက်ရန် ဝန်ကြီးချုပ်များဆီသို့ ညွှန်ကြားစာ ပေးပို့ထားသည်။
ထိုညွှန်ကြားချက်နှင့်အတူ ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တင်မြှောက်နိုင်ရန် ကြီးကြပ်ရေးမှူးများကို ဖွဲ့စည်းရာတွင် မြို့နယ်အဆင့်က ကြိုတင်အကြောင်းကြားမှူ မရှိသောကြောင့် လူအနည်းစုကဆုံးဖြတ်သည့် ဒီမိုကရေစီစနစ်သာဖြစ်နေကြောင်း ဦးကျော်ထွီးက သုံးသပ်သည်။
“ ကျေးရွာတွေမှာ လေ့လာရသလောက် ကြီးကြပ်ရေးမှူးရွေးတာကစလို့ လူအများက ရွေးချယ်ရမယ့်ကိစ္စမှာ လူအနည်းစုက ရွေးချယ်သွားတဲ့ ပုံစံဖြစ်နေတယ်။ လူ ၁၀၀၀ လောက်ရှိတဲ့ ကျေးရွာမှာ လူ ၁၀၀ ကျော်လောက်ပဲ တက်တယ်။ လူ ၂၀၀ လောက်ရှိတဲ့ ကျေးရွာမှာ လူ ၃၀ လောက်က တက်ပြီးတော့ ကြီးကြပ်ရေးမှူးကို ရွေးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ် ရပ်/ကျေးကော်မတီက ကြိုတင်ကြေညာချက်မရှိဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာ ကြီးကြပ်ရေးမှူးရွေးမယ်၊ ဘယ်အချိန်မှာ ဆယ်အိမ်တွေကိုရွေးမယ်၊ အချိန်ဇယားတွေကို ပွင့်ပွင့်လင်းလင်း မထုတ်ပြန်ထားဘူး။ အနီးကပ်လုပ်သွားတယ်။ ကျေးရွာတွေမှာ မနက်ဖြန် အစည်းအဝေးရှိတယ်၊ အစည်းအဝေးရှိတယ်လို့ပဲ အော်သွားတယ်။ ဘာအစည်းအဝေးဆိုတာ မပြောဘူး။ တောင်သူတွေများတဲ့အတွက် စိတ်ပါဝင်စားလို့ သွားမယ်ဆိုပေမယ့် လုပ်ငန်းခွင်ကရှိနေတော့ လူအနည်းစုကပဲ ဆုံးဖြတ်သွားတယ်။ ” ဟု ပြောသည်။
ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် အိမ်ထောင်စုကိုယ်စားလှယ်များသည် ကြီးကြပ်ရေးမှူးအဖွဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အဆင့်ဆင့်ရွေးချယ်သွားရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လအထိ ငါးလအတွင်း ရွေးချယ်ပွဲများ ပြုလုပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားသည်။




