ခိုင်ရိုးလ၊ DMG
အောက်တိုဘာ ၁၇၊ စစ်တွေ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းအား ရပ်ဆိုင်းထားကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယ ၁ နှစ်တာကာအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။
အဆိုပါ ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းမှာ တာဝန်ယူခဲ့သော ကုမ္ပဏီဘက်မှ မလုပ်နိုင်မှုကြောင့်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် မရှိသည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။
“ ပုဏ္ဏားကျွန်းစက်မှုဇုန်က ပထမအစိုးရလုပ်ခဲ့တဲ့ ကုမ္ပဏီက သူတို့လည်းမလုပ်နိုင်တာရယ်။ အခုကျွန်တော်တို့ ကြည့် လိုက်တဲ့အခါမှာလည်း အခြေနေအရ မဖြစ်နိုင်တဲ့အတွက် အဲဒီ ကုမ္ပဏီနဲ့ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ သို့သော် ဒီစက်မှုဇုန်နဲ့ ပတ်သက်ပြီးတော့ လုံးဝ မလုပ်တော့လို့ ဆုံးဖြတ်တာမဟုတ်ပါဘူး။ တခြား ကုမ္ပဏီတွေဘက်က ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရင် ဆက်လုပ်ဖို့ရှိပါတယ် ”ဟုပြောသည်။
ထို့အပြင် ပြီးခဲ့သည့် နှစ်မှာ ၄င်းစက်မှုဇုန်အား ကြက်မွေးမြူရေး၊ သားငါးအစားအစာ ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းကာ အစိုးရမှ လုပ်ခွင့်ပေးခဲ့သော်လည်း တစ်နှစ်အချိန်ထိ အကောင်ထည်ဖော်ဆောင်ရွက် လာခြင်းမရှိသည့် အတွက် ရပ်ဆိုင်းထားခဲ့ရသည်ဟု ဦးညီပုက ပြောသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် ဧကပေါင်း ၁၈၀၀ ကျော်ရှိပြီး ယခုအခါ ယင်းစက်မှုဇုန်အတွက် တည်ဆောက်မည့် စက်ရုံနေရာ၊ စက်ရုံအမျိုးစားအား တိကျသော ပလန်များရေးဆွဲလျှက်ရှိပြီး ယခု ကုမ္ပဏီအသစ်များလျှောက်လာမှုအပေါ်တွင် စီမံဆောင်ရွက်သွားမည်ဟု ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။
အဆိုပါ စက်မှုဇုန်စီမံကိန်းတွင် တယ်လီဖုန်း ဆက်စပ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ လယ်ယာသုံးပစ္စည်းများစက်ရုံနှင့် ဆေးဝါးထုတ်လုပ်သည့် စက်ရုံတို့တည်ဆောက်ရန် မူလက လျှားတားထားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပုဏ္ဏားကျွန်းစက်မှုဇုန်တို့ကို တည်ဆောက်သွားရန် ပြီးခဲ့သည့် အစိုးရလက်ထက်က စီစဉ်ဆောင်ရွက်ခဲခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။




