(ယနေ့ အမ်းမြို့နယ်တွင်ဖမ်းမိသော ဘင်္ဂလီများအားတွေ့ရစဉ်။ ဓါတ်ပုံ - DMG)
မေလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ အမ်းမြို့ (DMG) ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တရားမဝင် ဘင်္ဂလီအမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၁) ဦးအား မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အမ်းမြို့နယ်ရဲစခန်းမှသိရသည်။
မေလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်မှာ ကျောက်တော်ဘက်မှ တောင်ကုတ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 7H/7383 ၊ ခရောင်းအမျိုးအစား၊ အနက်ရောင်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ မောင်းတံအားတိုက်ပြီး မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မအီဂိတ်အနီး (၁) မိုင်ခန့်အကွာ မအီဘက်မှ အမ်းဘက်သို့ မောင်းနှင်လာသည့် မျိုးချစ်သူ ယာဉ်လိုင်း နှင့် မျက်နှာချင်းဆိုင် တိုက်မိစဉ်တွင် ဘင်္ဂလီလူမျိုး ကျား(၅)ဦးနှင့် မ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ သူတို့က ရန်ကုန်ကို သွားမယ်လို့ပြောပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းတော့ တခြားထွေထွေထူးထူး မပြောဘူး။ သူတို့ကို လိုအပ်ချက်တွေ စစ်ဆေးပြီး တရားစွဲသွားမယ်။ ” ဟု အမ်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ မေလ ၂၁ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင်လည်း အမ်းမြို့နယ် ပတ်ကွေ့ကျေးရွာနှင့် အမ်းမြို့ကြား မိုင်တိုင် ၈၆/၂ အနီး အရောက် တောင်စောင်းတွင် ပုန်းအောင်နေသော ဘင်္ဂလီလူမျိုး အမျိုးသား (၃) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သူများအား မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေအရ ဆက်လက်အရေး ယူနိုင်ရေး မြို့နယ်လဝကသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
အလားတူ မေလ ၂၀ ရက်နေ့ကလည်း ရန်ကုန်သို့သွားရောက်သည့် ဘင်္ဂလီ (၃) ဦးအား အမ်းမြို့နယ်အတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်းလည် အမ်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ သိရသည်။





