
စက်တင်ဘာ ၂ ၊ အောင်ကောင်းဇော်
ရမ်းဗြဲမြို့နယ်အတွင်းမှ ကျောက်ချောင်းတိုက်နယ်တွင် လာမည့် ၂၀၁၈-၁၉ ခုဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုတည်ဆောက်နိုင်ရန်အတွက် မြေနေရာရှာဖွေမှုများကို တာဝန်ရှိသူ များမှ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဓါတ်အားပေးစက်ရုံမှာ လေးတောင်တိုက်နယ်နှင့် ကျောင်းချောင်းတိုက်နယ်တို့ကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးက “အခုမြေနေရာတွေ လိုက်ကြည့် ပြီးပါပြီ။ မြေနေရာအဆင်ပြေတယ်ဆိုတော့ အခုလာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အကောင် အထည်ဖော်ဆောင်ရွက်ဖို့ သေချာသလောက်ရှိနေပါပြီ ” ဟု ပြောသည်။
ယခင် ၂၀၁၄၊ ၂၀၁၅ ခုနှစ်များက ရမ်းဗြဲမြို့နယ်သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ပေးခဲ့သည်ဆိုသော်လည်း ကျေးရွာပေါင်း ၂၀ ကျော်ခန့်သာ လျှပ်စစ်မီးရရှိခဲ့ရကြောင်း သိရသည်။
လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ရမ်းဗြဲမြို့နယ်တွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူပေးမည်ဆိုသော်လည်း လေးတောင်တိုက်နယ်တွင် တိုက်နယ်တစ်ခုလုံး မီးရရှိရေးအတွက် ပါဝင်မှုမရှိသေးကြောင်း လေးတောင်ဒေသခံ ကိုအောင်နိုင်ထွန်းမှဆိုသည်။
“ကျနော်တို့ လေးတောင်တိုက်နယ်ပါ ပါတယ်ဆိုပေမဲ့ အကုန်လုံးပါဒါမဟုတ်ဘူး။ စပါးတုံ အုပ်စုတစ်ခုဘဲ ပါတယ်။ ကျန်ခဲ့ဒါကသရက်ချိုအုပ်စုနှင့် ဇရပ်ပြင်အုပ်စုပေါ့။ အဲဒီရွာတွေကို ဘယ်လိုပုံစံမျိုးနဲ့ မီးရမယ် ဘာညာဆိုတာကို မသိရသေးဘူး၊ သူတို့ပြောလေ့မပြောဘူး” ဟု လေးတောင်ဒေသခံ ကိုအောင်နိုင်ထွန်းမှ ပြောသည်။




