ဒီဇင်ဘာ ၁၆၊ ၂၀၁၈ ခုနှစ်၊ ကျော်ချစ် / DMG

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ဘင်္ဂါလီသုံးထောင့်သုံးရာကျော်အား ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များထုတ်ပေးထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ရခိုင်အမျိုးသားအဆင့် မူဝါဒကရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့(ANPCC)မှ ယနေ့ဒီဇင်ဘာလ ၁၆ ရက်တွင် ကြေငြာချက် ထုတ်ပြန်သည်။

မြန်မာအစိုးရအဆက်ဆက်၏ လုပ်နည်းလုပ်ဟန်နဲ့ မူဝါဒအမှားများကြောင့် ကမန်လူမျိုးနာမည်ဖြင့် ဘင်္ဂါလီများကို နိုင်ငံသားစီစစ်ရေးကဒ်များ ထုတ်ပေးထားသည်မှာ သောင်းချီရှိကြောင်း၊ ကမန် အမျိုးသားများသည် တရားမဝင်ရောက်ရှိနေသည့် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး ကိုးကွယ် ယုံကြည်မှုဘာသာတူသည့်အပေါ်တွင် နိုင်ငံသားစိစစ်ရေးပြဿနာထဲ ကြားညှပ်နေကြောင်း ANPCC ၏ ညှိနှိုင်းရေးမှူး ဦးထွန်းဇော်မှပြောသည်။

“ယခု NLD အစိုးရလက်ထက်မှာလည်း မကြာမီက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသမှာ လုပ်ကမန်တွေ ထပ်မံဖန်တီးနေတာတွေကို တွေ့ရှိနေရပါတယ်။ ဒီကိစ္စက သာမန်အနေအထား မဟုတ်တော့ပဲ အနာဂတ်အတွက် ရင်လေးစရာအမျိုးသားရေးဆိုင်ရာ ပြဿနာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရမ်းဗြဲမြို့နယ်မှ ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးထားမှုအား ပြန်လည် စီစစ်ပေးရန် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှတောင်းဆိုထားကြသည်။

“ဒီအပေါ်မှာ သက်ဆိုင်ရာအစိုးရအာဏာပိုင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေမှာ ပွင့်လင်းမြင်သာမှု အပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး အစိုးရရဲ့တုန့်ပြန်မှုတွေက သည်းမခံနိုင်စရာအခြေအနေမျိုး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ရှိကမန်လူမျိုးပြဿနာဟာ တမျိုးသားလုံးဆိုင်ရာ ပြဿနာဖြစ်တဲ့ အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချရတဲ့အဆင့်ထိ ဖြစ်လာရတာပါ” ဟု ANPCC ၏ ညှိနှိုင်းရေးမှူး ဦးထွန်းဇော်မှပြောသည်။