
စက်တင်ဘာ ၁၊ အောင်ကောင်းဇော်
ရန်ကုန် - မာန်အောင်နှင့် ကျောက်ဖြူ၊စစ်တွေ ခရီးစဉ်များအား ပြေးဆွဲလျက်ရှိသော မြန်မာ့လေကြောင်း လိုင်းကို ရာသီဦးတု အခြေအနေကြောင့် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ရပ်နားထားခဲ့ရာမှ လာမည့် အောက်တိုဘာလတွင် ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်းလိုင်းတွင် ပြေးဆွဲနေသော လေယဉ်များမှာ သေးငယ်ပြီး ရာသီဥတု ဆိုးရွားသော အခြေအနေတွေနှင့် ကြုံတွေ့နိုင်သည့်အတွက် စိုးရိမ်သဖြင့် ယခုနှစ် မိုးဦးကာလ မေလ ၃၀ ရက်နေ့ကပင် ပြေးဆွဲနေသော လေယာဉ်လိုင်းအား ခေတ္တရပ်နားထားခဲ့ရာက လာမည့် အောက်တိုဘာ ၁၅ ရက်နေ့ မှ စ၍ ယခင်ပြေးဆွဲခဲ့သော နေ့ရက်များအတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မာန်အောင် အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူ ကိုသိန်းမြတ်စိုး ကပြောသည်။
“ဟုတ်ပါတယ်။ ကျနော်တို့ အခုလာမည့် အောက်တိုဘာ ၁၅ မှာပြန်ပြီး လေယာဉ်လိုင်း ပြန်ပြေးဆွဲ မှာပါ ပြေးဆွဲ မည့်ရက်တွေကတော့ အရင်အတိုင်း တနင်္လာ ၊ဗူဒ္ဓဟူး ၊သောကြာ နေ့တွေပေါ့ ။ ဈေးနှုန်းကတော့ အရင်အတိုင်း ပါပဲ “ ဟု သူကဆိုပါတယ်။
ယခင်ပြေးဆွဲနေသော လေယာဉ်ဈေးနှုန်းများမှာ ရန်ကုန် - မာန်အောင် ၇၈၀၀၀ ကျပ်၊ ကျောက်ဖြူ - မာန်အောင် ၃၁၉၀၀ ကျပ်၊ မာန်အောင် - စစ်တွေ ၃၇၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရသည်။ မာန်အောင်မြို့နယ်မှာ ရေလမ်း ကိုသာ အဓိကထား သွားလာနေရပြီး၊ လေကြောင်းလိုင်း ပြေးဆွဲနေသော်လည်း လက်ရှိလေယာဉ်ငယ်များမှာ ရာသီဥတုဒဏ်ကို မခံနိုင်သည်ဖြစ်၍ ရာသီမရွေး သွားလာ၍ မရသည့်အတွက် လေယာဉ်နှင့် လေယာဉ်ကွင်း များကိုပါ တိုးချဲ့တည်ဆောက်ပေးရန် လိုအပ်ကြောင်း ဒေသခံများကပြောသည်။




