ခိုင်ရိုးလ/ DMG
ဧပြီ ၇၊ စစ်တွေ
 
မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်အနီးရှိ ရာမောင်မြစ်ကမ်းစပ်တွင် ခန္ဓာကိုယ်အား ကျောက်တုံးဖြင့်တွဲကာ ခြေထောက်နှစ်ဖက်စလုံးကို ကြိုးချည်ထားသည့် လူသေအလောင်တစ်လောင်းအား ယနေ့ ဧပြီလ ၇ ရက်နံနက် ၉ နာရီကျော်ခန့်က တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
 
အဆိုပါ အလောင်းမှာ အမျိုးသားဖြစ်ပြီး ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့်အတူ ပုတ်ပွနေကာ မင်းပြားမြို့ ကင်းချောင်းနှင့် ရာမောင်မြစ်ဆုံ နေရာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အလောင်းတွေ့ရှိရာနေရာသို့ ရောက်ရှိနေသူ ဦးစိုးတင့်ရပ်ကွက် အုပ်အုပ်ရေးမှူး ဦးသာစိန်ထွန်းက DMG ကိုပြောသည်။
 
“ ဒူးထောက်ပြီးတော့ မျက်နှာဟာ ကျောက်ကြားမှာ ညှပ်နေပါတယ်။ သူ့ခြေထောက်မှာ နိုင်လွန်ကြိုးတွေချည်ပြီးတော့ ကျောက်တုံးတွေ ဆွဲထားပါတယ်။ ခန္ဓာကိုယ်က ပုဆိုးမှာလည်း ကျောက်တုံးနဲ့ လိပ်ထားထာကို တွေ့ရပါတယ် ” ဟု ဦးသာစိန်ထွန်းက ပြောသည်။
 
လက်ရှိတွင် အလောင်းကို ဆယ်ယူနိုင်ရန် ပြင်ဆင်နေပြီး သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အလောင်းတွေ့ရှိရာသို့ ရောက်ရှိနေသော မင်းပြားရဲစခန်းမှ ဒုတပ်ကြပ် လှိုင်သိန်းဇော်က ပြောသည်။
 
“ ကျွန်တော်ရောက်နေတဲ့ အချိန်မှာတော့ ရေပြည့်လာနေတဲ့အတွက် အလောင်းက ကမ်းစပ်ကနေ မြစ်ထဲသို့ မျောပါနေတယ်။ ကျွန်တော်တို့ မြို့မစခန်းမှူးတွေကတော့ ရာမောင်ဘက်ကိုလိုက်သွားပါတယ်။ အဲဒီဘက်ကပဲ ဆယ်ယူရပါမယ်။ ဒီဘက်က ကမ်းနဲ့ဝေးသွားတဲ့အတွက်ပါ။ မည်သူမည်ဝါဆိုတာကိုတော့ ကျွန်တော်တို့အတိကျ ပြောမရသေးပါ ” ဟု ဒုတပ်ကြပ် လှိုင်သိန်းဇော်က ပြောသည်။
Author: ခိုင်ရိုးလ